NLD အမတ်ကို တိုက်ခိုက်သူ မည်သည့် ပါတီမှမဟုတ်ဟု ပြန်ကြားရေး ထုတ်ပြန်ကြေညာ

NLD အမတ်ကို တိုက်ခိုက်သူ မည်သည့် ပါတီမှမဟုတ်ဟု ပြန်ကြားရေး ထုတ်ပြန်ကြေညာ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ အမတ် ဦးနိုင်ငံလင်းနှင့် ပါတီဝင် သုံးဦး အောက်တိုဘာ ၂၉ ရက် ညက တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ တိုက်ခိုက်သူမှာ မည်သည့် ပါတီဝင်မျှ မဟုတ်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

“သာကေတမြို့နယ်၌ ကွမ်းယာဝယ်ယူသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ NLD ပါတီဝင် သုံးဦး တုတ်၊ ဓားများဖြင့် ရန်ပြုခံရ၊ ပြစ်မှုကျူးလွန်သူများ အား ချက်ချင်း ဖမ်းဆီးအရေးယူ ထား၊ ပြစ်မှုကျူးလွန်သူများမှာ မည်သည့်ပါတီဝင်မျှ မဟုတ်ကြောင်း သိရှိရ” ဟူသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

အလားတူ ယခုဖြစ်စဉ်သည် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ချင်း၏ ရန်ဖြစ်ပွားမှု သာဖြစ်ပြီး ပါတီစည်းရုံးရေးကိစ္စ ဆောင်ရွက်နေမှုနှင့် သက်ဆိုင်မှု မရှိကြောင်း” ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တရားဥပဒေဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ပြစ်မှုဖြစ်ပွားပါက မည်သည့်ဘက်ကိုမျှ ဘက်လိုက်ခြင်းမပြုဘဲ မျှမျှတတ အရေးယူဆောင်ရွက်ခြင်းဖြင့် ရွေးကောက်ပွဲ မတိုင်မီ တည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲကာလ တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲပြီး တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်” ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

NLD  အမတ်လောင်း အပါအဝင် အဖွဲ့ဝင် သုံးဦးတိုက်ခိုက်ခံရမှုသည် သာကေတမြို့နယ် မာန်ပြေ ၈ လမ်းထိပ်တွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူ ဇော်လတ်ကို သာကေတမြို့နယ် အမှတ် ၁ ရဲစခန်းက ဖမ်းဆီးထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ခိုက်မှုတွင် NLD ပါတီဝင် တိုင်းဒေသကြီး - ၁ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း၊ မာန်ပြေ (၃) ရပ်ကွက် NLD ပါတီ အလုပ်အမှုဆောင် ဦးကျော်သူ နှင့် တိုင်းဒေသကြီး - ၂ လွှတ်တော်ကိုယ် စားလှယ်လောင်း ဒေါ်သက်ထားနွယ်ဝင်း၏ ကိုယ်စားလှယ် ဒေါ်သန္တာမော်တို့ သုံးဦး ဒဏ်ရာများ ရရှိခဲ့ကြသည်။ လက်ရှိတွင် ဦးနိုင်ငံလင်းမှာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags