ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်
အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာတွေ့ဆုံပွဲသတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ အုပ်လမ်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် နိုဝင်ဘာလ ၅ရက် ညနေပိုင်းက ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - သက်ကို)

အောက်တိုဘာ ၃၀ ။      ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၅ ရက်နေ့၌ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄၊ ၎င်း၏နေအိမ်တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်မည်ဟု ပါတီအောင်နိုင်ရေးအဖွဲ့က ပြောသည်။

''နိုဝင်ဘာ ၅ ရက်နေ့ မနက် ၉ နာရီခြံထဲမှာ သတင်းစာရှင်းလင်းပွဲ လုပ်မှာပါ။ မဲဆွယ်ပွဲအတွေ့အကြုံ ရှင်းမှာဖြစ်နိုင်သလို တခြားဘာ အကြောင်းအရာတွေကို ရှင်းမလဲဆိုတာတော့ အတိအကျမသိရသေးဘူး။'' ဟု ပါတီအောင်နိုင်ရေးအဖွဲ့ဝင် ပါတီဗဟိုကော်မတီဝင် ဦးသိန်းဦးက မဇ္ဈိမသို့ပြောသည်။

မဲဆွယ်စည်းရုံးစဉ်အတွေ့အကြုံများအား ရှင်းလင်းမည်ဖြစ်ပြီး အခြားသော အကြောင်းအရာများလည်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးက ပြောကြားမည်ဟု ဗဟိုကော်မတီဝင် ဦးကြည်တိုးက ပြောသည်။

''၂ ရက်နေ့ အတိအကျ ကြေညာပေးမယ်။ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ သတင်းစာ၊ ဂျာနယ်တစ်တိုက်ကို နှစ်ဦး စာရင်း ပေးပြီး ကတ်ပြားလာထုတ်လို့ရပါတယ်။ အမေး အဖြေ ကဏ္ဍလည်းပါတော့ မေးခွန်းတွေ ကြိုရေးလာပေါ့။'' ဟု၎င်းက မဇ္ဈိမသို့ ပြောသည်။

ထို့ပြင် နိုဝင်ဘာ ၁ ရက်နေ့၌လည်း သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့ဦးစေတီတော်ဝင်း အတွင်း၌ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဟောပြောမည်ဟု အဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောသည်။

''နိုဝင်ဘာ ၁ ရက်နေ့ သုဝဏ္ဏမြို့ဦးစေတီမှာ လူထုတွေ့ဆုံဟောပြောပွဲလုပ်ဖို့ ခွင့်ပြုမိန့်ကျပြီးပါပြီ။ ဘဘဦးတင်ဦး အရင်ပြောမယ်၊ ပြီးရင် အစ်မစု ဟောပြောမယ်။'' ဟု ၎င်းကပြောသည်။

ထိုနေ့တွင်ပင် ဟောပြောပွဲပြီးလျှင် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်တို့မှ လွှတ်တော်အသီးသီး၌ ဝင်ရောက် ရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံရန် ရှိသည်ဟု ပါတီအောင်နိုင်ရေးအဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly