PACE အဖွဲ့၏ မဲဆွယ်ကာလ စောင့်ကြည့်လေ့လာမှု ကနဦးတွေ့ရှိချက်ထုတ်ပြန်

PACE အဖွဲ့၏ မဲဆွယ်ကာလ စောင့်ကြည့်လေ့လာမှု ကနဦးတွေ့ရှိချက်ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် ။ ။ PACE အဖွဲ့၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက မြို့နယ် ၁၂၉ ခုရှိ မဲဆွယ်စည်းရုံးမှုများကို စက်တင်ဘာ ၈ ရက်မှ အောက်တိုဘာ ၁၈ ရက်အတွင်း စောင့်ကြည့်လေ့လာတွေ့ရှိချက်များကို အောက်တိုဘာ ၂၇ တွင် ထုတ်ပြန်လိုက်သည်။ 

PACE အဖွဲ့၏ ကာလရှည် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ၂၉၀ ဦး၏ အစီရင်ခံစာ ၇၅၉ စောင်၏ တွေ့ရှိချက်များ လည်းဖြစ်သည်။ အချို့မြို့နယ်များရှိ ဝေလံသည့်ဒေသများရှိ မဲဆွယ်မှုများကိုမူ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ ကြောင့် စောင့်ကြည့်နိုင်ခဲ့ခြင်း မရှိကြောင်းလည်း အစီရင်ခံစာကဖော်ပြသည်။

လေ့လာတွေ့ရှိချက်များအရ မဲဆွယ်ကြရာတွင် ပြဿနာကြီးကြီးမားမား မတွေ့ရသော်လည်း ပုဂ္ဂိုလ်ရေးနှင့် ဘာသာရေး ပြောဆိုမှတ်ချက်ပြုမှုအချို့ရှိသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ မြို့နယ်အတွင်းရှိအခြားပါတီကြီး-ပါတီငယ်-တသီးပုဂ္ဂလ စသည့် အမျိုးအစား ၄ မျိုးကိုသာ စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်သည်။ 

အစိုးရမဟုတ်သော ပြည်တွင်းရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအရပ်ဘက်အဖွဲ့ People's Alliance for Credible Elections-PACE အဖွဲ့က အမတ်လောင်းများကို တွေ့ဆုံမေးမြန်းမှု ၂၆၆၂ ကြိမ်ပြုလုပ်ခဲ့ပြီး၊ မဲဆွယ်ဟောပြောမှု ၁၆၀၇ ခု ကို စောင့်ကြည့်ခဲ့သည်ဟုဆိုသည်။ 

တွေ့ဆုံမေးမြန်းမှုကို ဖြေဆိုသူများထဲမှ ၉၇ ရာခိုင်နှုန်းသော အမတ်လောင်းများက ၎င်းတို့အနေဖြင့် ခြိမ်းခြောက်ခံရခြင်း၊ အလုပ်အကိုင်/ စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်သော ပြဿနာများ ရင်ဆိုင်ရခြင်းမရှိဟုဆိုသည်။ ရင်ဆိုင်ရသည်ဟု ဖြေဆိုသူများမှာလည်း မဲဆွယ်စည်းရုံးမှုကို ဝင်ရောက်နှောက်ယှက်သည့် ပြဿနာအများစုကို ရင်ဆိုင်ကြရသည်ဟု ဆိုကြောင်း သိရသည်။ ပါတီအမျိုးအစား ၄ မျိုးလုံးက အလားတူ ရင်ဆိုင်ကြရကြောင်းဖြေကြသည်ဟု ဆိုသည်။

မဲဆွယ်လူထုဟောပြောပွဲများတွင် ဝေငှသည့်ပစ္စည်းများကို စောင့်ကြည့်ခဲ့ရာ အစားအစာ၊ အသေးစားလက်ဆောင်၊ အဝတ်အစားနှင့် ငွေကြေးတို့ ဝေငှသည်ကို တွေ့ရှိရပြီး မည်သည့်ပစ္စည်းမျှ ဝေငှခြင်းမရှိသူများလည်းရှိကြောင်း အစီရင်ခံစာ ကဖော်ပြသည်။ အများစုမှာ ပါတီနှင့် သက်ဆိုင်သည့် ပစ္စည်းများ ဝေငှကြကြောင်း သိရသည်။

PACE အဖွဲ့က စောင့်ကြည့်ခဲ့သည့် လူထုဟောပြောပွဲများ၏ ၄၂ ရာခိုင်နှုန်းသည် ကိုယ်ပိုင်ရုံး/ အိမ်များတွင် ပြုလုပ်ကြပြီး ဘာသာရေးဆိုင်ရာနေရာများတွင် ၁၇ ရာခိုင်နှုန်း ရှိသည်။ ပါတီရုံးများ၊ ပန်းခြံ၊ ဈေး၊ အားကစားရုံ/ကွင်း၊ အစိုးရကျောင်း/ အဆောက်အဦများ၊ စက်မှုအဆောက်အအုံ/ စက်ရုံများတို့တွင်လည်း ပြုလုပ်ကြသည်။

PACE အဖွဲ့က စောင့်ကြည့်ခဲ့သည့် လူထုဟောပြောပွဲများတွင် ပြည်ခိုင်ဖြိုး၊ အခြားပါတီကြီး၊ ပါတီငယ်၊ တသီးပုဂ္ဂလများ သည် ဘာသာရေးဆိုင်ရာနေရာများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထက် ပိုပိုအသုံးပြုသည်ကို အစီရင်ခံစာက တွေ့ရှိထားသည်။

အောက်တိုဘာ ၂၇ ရက်ထုတ် အဆိုပါ အစီရင်ခံစာက "ကိုယ်စားလှယ်များအားလုံးအနေဖြင့် အများပိုင်နေရာများ အသုံးချခွင့်နှင့် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်တို့ကို တန်းတူညီမျှရရှိရေးအတွက် အာမခံချက်ပေးရန်" နှင့် "ပုဂ္ဂိုလ်ရေးဆိုင်ရာမှတ်ချက်များနှင့် လှုံ့ဆော်သည့် ဟောပြောမှုများကိုလည်း သင့်လျော်သည့် အရေးယူမှုများ ဆောင်ရွက်ရန်" ဟူ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC အား အကြံပြုထားသည်။ 

ပါတီများကို အကြံပြုရာတွင် "ရွေးကောက်ပွဲအကြိုကာလ တည်ငြိမ်အေးချမ်းစေရန် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ် လုပ်ငန်းများကို ရေးဆွဲထားသည့် ကျင့်ဝတ်များနှင့် အညီဆောင်ရွက်ကြရန်" နှင့် မဲဆွယ်ကာလ အငြင်းပွားမှုများကို လျော့ချနိုင်ရန် "ဥပဒေအရအရေးယူခြင်းအဆင့်သို့အရောက်မီ ကျင့်ဝတ်စောင့်ကြည့်လေ့လာရေးကော်မတီအပါအဝင် ကော်မတီအသီးသီးကို အသုံးပြုကာ စေ့စပ်ညှိနှိုင်းရန်" တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags