စည်းရုံးရေးစာရွက် အိမ်ပေါ်တက်ကပ်ရင်း ပြုတ်ကျကာ မကွေး ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသေဆုံး

စည်းရုံးရေးစာရွက် အိမ်ပေါ်တက်ကပ်ရင်း ပြုတ်ကျကာ မကွေး ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသေဆုံး

မကွေး၊ အောက်တိုဘာ ၂၇ ။ ။ မကွေးမြို့နယ်၊ လက်ပံတောကျေးရွာအုပ်စု၊ စည်ပင်သာကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်စည်းရုံးသည့် စာရွက်ကို အိမ်ရှေ့ထရံပေါ် တက်ကပ်စဉ် ဂျွမ်းပြန်ပြုကျကာ ပါတီဝင်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းစိန်က ပြောသည်။  

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက်နေ့၊ ညနေ ၆နာရီအချိန်ခန့်တွင် မကွေးမြို့နယ်၊ လက်ပံတောကျေးရွာအုပ်စု၊ စည်ပင်သာကျေးရွာမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ကျေးရွာစည်းရုံးရေးအဖွဲ့ဝင်၊ မောင်ကျော်ဌေး (အသက် ၃၈)သည် ၎င်းတို့ပါတီအား မဲပေးရန် စည်းရုံးသည့် စာရွက်ကို သူ၏အိမ်ရှေ့ထရံပေါ်သို့တက်၍ ကပ်နေစဉ်  ဂျွမ်းပြန်ကျပြီး ဇက်ကျိုးသွားခဲ့သည်။ ထိုသို့ ပြုတ်ကျသည့် အရှိန်ကြောင့် သတိမေ့ကာ အောက်ပိုင်းသေသွားပြီး ည ၈နာရီခန့်တွင်း မကွေးတိုင်းဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရပြီး အောက်တိုဘာ ၂၁ရက်တွင် အခြေအနေဆိုးဝါးလာ၍ ရွာသို့ ပြန်သယ်လာပြီး ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်ဟု သေဆုံးသူ၏ အကိုဖြစ်သူ ဦးမြင့်အောင်က ရှင်းပြသည်။ 

"ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး မဲပေးစာရွက်ကြော်ညာ သူ့အိမ်ရှေ့ထရံမှာ တစ်ခုကပ်ပြီးတာကို အားမရလို့ မြင့်တဲ့နေရာ တက်ကပ်နေတုန်း ဇောက်ထိုးကျတယ်လို့  စည်ပင်သာကျေးရွာက ရွာခွဲတာဝန်ခံ ဦးဘိုဖြူပြောလို့ သိရပါတယ်။ ဒီဖြစ်စဉ်ကို မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးဆီကို ယနေ့ပဲ ထူးခြားဖြစ်စဉ် သတင်းပို့ထား ပါတယ်။" ဟု လက်ပံတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းစိန်ကပြောသည်။

ကိုကျော်ဌေး၏ မိသားစုထံသို့ မကွေးမြို့နယ်၊ သစ်ရာကောက်တိုက်နယ် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးတာဝန်ခံနှစ်ဦးဖြစ်သည့် ဦးတင်မောင်အေးနှင့် ဦးတင်မျိုးဇော်တို့မှ ဆေးကုသရန်အတွက် ငွေကျပ် ငါးသောင်းအား လာရောက်ထောက်ပံ့ပေးခဲ့သည်ဟု သေဆုံးသူ၏ မိသားစုက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags