မဲပေးမည့်နေ့၌ မဲဆွယ်စည်းရုံးသည့် အသွင်ဆောင်သော ပါတီများအား ယှဉ်ပြိုင်ဘက် ပါတီများမှ အမှုဖွင့်နိုင်

မဲပေးမည့်နေ့၌ မဲဆွယ်စည်းရုံးသည့် အသွင်ဆောင်သော ပါတီများအား ယှဉ်ပြိုင်ဘက် ပါတီများမှ အမှုဖွင့်နိုင်

နိုဝင်ဘာလ ၈ ရက် မဲပေးမည့်နေ့တွင် သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ မဲရုံဝန်းကျင်၌ နိုင်ငံရေးပါတီများအား မဲဆွယ်စည်းရုံးခွင့် တားမြစ်ထားမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးသည့် အသွင်ဆောင်လာပါက ယှဉ်ပြိုင်ဘက် နိုင်ငံရေးပါတီများမှ သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။

“မဲရုံဝန်းကျင်မှာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးလို့ မရပါဘူး။ မဲဆွယ်စည်းရုံးတဲ့ အသွင်သဏ္ဍာန် ဆောင်လာရင်တော့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အရေးယူ ဆောင်ရွက်မယ်ဆိုတာထက် ပါတီအချင်းချင်း အပြန်အလှန် ထိန်းကျောင်းတာမျိုး ရှိပါတယ်။ ဥပမာ က' ပါတီက ကိုက် ၅၀၀ အတွင်း မဲဆွယ်စည်းရုံးမယ်ဆိုရင် ခ' ပါတီကလည်း ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ဒီအတိုင်း ငြိမ်နေမယ် မထင်ဘူး။ မကျေနပ်တဲ့ နိုင်ငံရေးပါတီက သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ရမှာပါ။"

"ရွေးကောက်ပွဲပြီးသွားလို့ ရွေးကောက်ပွဲရလဒ်တွေ ထွက်လာပြီးရင်တော့ က' ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရသော်လည်းပဲ မဲရုံဝန်းကျင် ကိုက် ၅၀၀ အတွင်းမှာ မဲဆွယ်စည်းရုံးလို့ နိုင်ပါတယ်ဆိုပြီး ခ' ပါတီက တိုင်ခဲ့ရင် သူက အနိုင်ကနေ အရှုံး ဖြစ်သွားပါလိမ့်မယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အမှုမှန်သမျှကို ရဲစခန်းမှာသွားပြီး အမှုဖွင့်ရမယ်။ ဒါက ရဲအရေးပိုင်တဲ့ အမှုပါ”ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ပြောကြားသည်။

မဲရုံအနီးဝန်းကျင်၌ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အထူးရဲများက သက်ဆိုင်ရာ ရဲအရာရှိများအား သတင်းပေးပို့၍ ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly