နောက်ဆုံး ဖြစ်ဖွယ်ရှိသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအတွက် နိုဝင်ဘာ ၁၆ ရက်တွင် ခေါ်ယူ

နောက်ဆုံး ဖြစ်ဖွယ်ရှိသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအတွက် နိုဝင်ဘာ ၁၆ ရက်တွင် ခေါ်ယူ

ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ကြိမ်မြောက်၊ ပုံမှန်အစည်းအဝေးကို အထွေထွေ ရွေးကောက်ပွဲကျင်းပအပြီး ရက်သတ္တပတ် တစ်ပတ်အကြာ နိုဝင်ဘာ (၁၆)ရက်တွင် နေပြည်တော် လွှတ်တော်အဆောက်အဦးတွင် ပြန်လည်ကျင်းပမည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ရက်တွင် ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးကို နိုဝင်ဘာ ၁၆ရက်၊ နံနက် ၁၀နာရီတွင် စတင် ကျင်းပရန် သူရဦးရွှေမန်းက ခေါ်ယူထားပြီး အစည်းအဝေး တက်ရောက်ရန် ဖိတ်စာများ ကိုလည်း လွှတ်တော်အမတ်များထံ ပေးပို့ထားသည်။

“အစည်းအဝေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာ လက်ခံရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရုံးအမှတ်(၂၀)၊ လွှတ်တော်ရုံးသို့ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၁၄ရက်(စနေနေ့)ထက်မစော၊ နိုဝင်ဘာ ၁၅(တနင်္ဂနွေနေ့)ထက် နောက်မကျဘဲ သတင်းပို့ကြရန်” ဟု ကြေငြာချက်တွင် ရေးသားထားသည်။

ရွေးကောက်ပွဲအပြီး ရက်သတ္တအကြာတွင် ပြန်လည်ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ကြိမ်မြောက်၊ ပုံမှန်အ စည်းအဝေးသည် လက်ရှိအစိုးရ သက်တမ်းအတွင်း နောက်ဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးတစ်ခု ဖြစ်လာနိုင်ချေရှိသည်ဟု လွှတ်တော်အမတ်တစ်ချို့က သုံးသပ်ပြောဆိုထားသည်။

အဆိုပါ အစည်းအဝေးတွင် ၂၀၁၅-၁၆ ဒုတိယဘဏ္ဍာနှစ် ဝက် ဖြည့်စွက်ရန်ပုံငွေအတည် ပြုခြင်း၊ ဥပဒေကြမ်းတစ်ချို့ ပြင်ဆင်၊ အတည်ပြုခြင်းနှင့် နောက်လွှတ်တော်သက်တမ်းတွင် လွှဲပြောင်းပေးရမည့် လုပ်ငန်းများကို လုပ်ဆောင်ကြမည်ဖြစ်သည်။

လက်ရှိ လွှတ်တော်သက်တမ်းသည် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလကုန်တွင်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသည့် လွှတ်တော် အမတ်များပါဝင်မည့် ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအား ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် လွှဲပြောင်းပေးရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly