ရွေးကောက်ပွဲကာလ အစိုးရနှင့်ထိပ်တိုက်မတွေ့ရန် ရက္ခိုင့်တပ်ဖွဲ့များကို ညွှန်ကြားထား

ရွေးကောက်ပွဲကာလ အစိုးရနှင့်ထိပ်တိုက်မတွေ့ရန် ရက္ခိုင့်တပ်ဖွဲ့များကို ညွှန်ကြားထား

အောက်တိုဘာ ၂၁ ရက် ။      ။ လာမည့် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲကာလများတွင် မြန်မာစစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲများ မဖြစ်စေရန်၊ ၎င်းတို့တပ်များ လှုပ်ရှားရာစစ်ဒေသများသို့  ညွှန်ကြားထားပြီးပြီဖြစ်ကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့က ရက္ခိုင့်တပ်မတော်အနေ စစ်ရုံးချုပ်က ထုတ်ပြန်ထားကြောင်း သိရသည်။

လက်ရှိအစိုးရအနေဖြင့် ယခုရွေးကောက်ပွဲအား “ပွင့်လင်းမြင်သာမှုရှိမည်” ၊ “လွတ်လပ်ပြီးတရားမျှတမှုရှိမည်” ၊ “ရရှိလာမည့် ရွေးကောက်ပွဲရလာဒ်များကို အသိအမှတ်ပြုမည်” ဟု ထုတ်ပြန်ထားသည်။

သို့သော်လည်း ရွေးကောက်ပွဲ၌ အလားအလာမကောင်းနိုင်သော နိုင်ငံရေးအင်အားစုများအနေဖြင့် ပျက်စီးစေလိုသော ရည်ရွယ်ချက်များဖြင့် အနှောင့်အယှက်များ၊ ရှုပ်ထွေးမှုများ ဖန်တီးလာနိုင်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် အစိုးတို့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးပြီးချိန်မှစ၍ မြန်မာစစ်တပ်သည် ရခိုင်ဒေသအတွင်းတွင် သာမန်နှင့်မတူသော စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်လာနေသည်ဟုလည်းဆိုသည်။

ရက္ခိုင့်တပ်မတော်ကမူ မိမိတို့တပ်များအား တိုက်ပွဲများ မဖြစ်ပွားစေရန် ညွှန်ကြားထားသော်လည်း မြန်မာစစ်တပ်၏ ထိပ်တိုက်တိုးရန်ရှာလိုမှုများအား ရှောင်လွှဲဘဲ တိုက်ပွဲများ ဖြစ်ပွားပြီး ရခိုင်ဒေသ အတွင်း နိုင်ငံရေးမတည်မငြိမ်မှုများမှ တစ်ဆင့် ရွေးကောက်ပွဲအား ထိခိုက်မည်ကို စိုးရိမ်သည်ဟုလည်း ဖော်ပြထားသည်။

လက်ရှိ အာဏာရအစိုးရအနေဖြင့် ရွေးကောက်ပွဲကာလနှင့် တိုက်ဆိုင်စွာ စစ်ရေးလှုပ်ရှားမှုများကို ကောက်ကာငင်ကာ အင်အားတိုး လုပ်ဆောင်ချက်များသည် အခြေအနေကို မငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ရက္ခိုင့်တပ်မတော်မှ ပြစ်တင်ရှုတ်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly