မောင်တောခရိုင်တွင် ရွေးကောက်ပွဲအတွက် လုံခြံုရေးတိုးမြှင့်

မောင်တောခရိုင်တွင် ရွေးကောက်ပွဲအတွက် လုံခြံုရေးတိုးမြှင့်

စစ်တွေ၊ အောက်တိုဘာ ၁၉ ။           ။ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောခရိုင်ဖြစ်သော ဘူးသီးတောင်မြို့နယ်များနှင့် မောင်တောမြို့နယ်များတွင် ရွေးကောက်ပွဲအတွက် ရည်စူး၍ ယခုအချိန်ကစပြီး ယခင်ထက်ပိုသော လုံခြုံးရေးကို တိုးမြှင့်ဆောင်ရွက်နေကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ပြောသည်။

"ရွေးကောက်ပွဲအတွက်ကို ရည်စူးပြီး လုံခြုံရေးကို အခုကတည်းကနေ တိုးမြှင့်ချထားပြီးပါပြီ။ ညမထွက်ရအမိန့်ကိုလည်း သက်တမ်းတိုးထားပြီး ည ၁၁ နာရီနဲ့ မနက် ၄ နာရီ သတ်မှတ်ထားပါတယ်။ ရွေးကောက်ပွဲနီးတဲ့ရက်တွေမှာပါ၊ ကျင်းပတဲ့ရက်တွေမှာပါ ဒီအတိုင်းပဲ သွားမှာဖြစ်ပါတယ်။ ထပ်မတိုးတော့ပါဘူး။ အခုကတော့ အားလုံးငြိမ်းငြိမ်းချမ်းချမ်းပါ။ ပြည်ပထက်တောင် အေးချမ်းပါသေးတယ်။ ပြည်ပမှာတောင် လုယက်မှုတွေ၊ ခိုးမှုတွေ ဖြစ်သေးတယ်။ ဒီမှာ လုံးဝမရှိဘူး။ " ဟု ပြောသည်။

မောင်တောခရိုင်တွင် ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်နောက်ပိုင်း ညမထွက်အမိန့် ပုဒ်မ ၁၄၄ ကို အချိန်ကြာမြင့် သတ်မှတ်ခဲ့သော်လည်း ယခု ဒေသအခြေအနေ အပေါ်မူတည်ပြီး နှစ်လ တစ်ကြိမ် သက်တမ်းတိုးကြောင်း၊ ယခု အောက်တိုဘာလ ၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၈ ရက်နေ့ထိ သက်တမ်းထပ်တိုးထား ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ဆိုသည်။

ယခုလာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးမှာ တရားမျှတသော ရွေးကောက်ပွဲဖြစ်မြောက်ရေးနှင့် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီဘက်တော်သား များအနေဖြင့် မိမိတို့အချင်းချင်းကြား စိတ်ဝမ်းမကွဲစေရန်၊ အင်အားပြိုကွဲစေမည့် အမျိုးမျိုးသော လူမျိုးရေး၊ ဘာသာရေး၊ မှိုင်းတိုက်မှု၊ ပုဂ္ဂိုလ်ရေးအပုပ်ချမှု၊ လုပ်ကြံဝါဒဖြန့်မှု၊ သွေးထိုးလှုံ့ဆော်မှုများကို သတိထားရှောင်ရှားကြရန် ထိုင်းနိုင်ငံအခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) အဖွဲ့မှ အောက်တိုဘာလ ၁၇ ရက်နေ့ တိုက်တွန်းထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် လက်ရှိဝန်ကြီးချုပ်သစ် ဦးမြအောင်ကလည်း မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်အတွင်း တစ်ဖက်နိုင်ငံက RSO အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မည်ကို စိုးရိမ်မိကြောင်း ရခိုင်ပြည်ရှိ မီဒီယာများထံ ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly