ကြံ့ခိုင်ရေးက ငွေပေးမဲဆွယ်သည်မှာ သိက္ခာချလို၍ လုပ်ကြံခြင်းဟု ကော်မရှင်ယူဆကြောင်း ထုတ်ပြန်

ကြံ့ခိုင်ရေးက ငွေပေးမဲဆွယ်သည်မှာ သိက္ခာချလို၍ လုပ်ကြံခြင်းဟု ကော်မရှင်ယူဆကြောင်း ထုတ်ပြန်

နေပြည်တော်၊ အောက်တိုဘာ ၁၈ ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လှိုင်သာယာမြို့နယ်တွင် ရေဒီယို နှင့် ပိုက်ဆံများပေး၍ မဲဆွယ်ကြောင်း နှင့် မှတ်ပုံတင်နံပါတ်များ တောင်းခံကြောင်း ဘီဘီစီသတင်းဌာန၏ သတင်းနှင့် ပတ်သက်၍ သိက္ခာချလို၍ လုပ်ကြံဆောင်ရွက်ချက်သာ ဖြစ်မည်ဟု ယူဆသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၈ရက်တွင် ထုတ်ပြန်လိုက်သည်။

အောက်တိုဘာ ၁၈ရက်က ဘီဘီစီ (မြန်မာပိုင်းအစီအစဉ်) နံနက်ခင်းသတင်းတွင် လှိုင်သာယာမြို့နယ်တွင်နေသည့် ကိုအောင်သူက ယင်းသို့ပြောကြားသည့် သတင်းထုတ်လွှင့်မှုအပေါ် ကော်မရှင်က ချက်ချင်း တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ကိုအောင်သူ၏ ပြောကြားချက်တွင် ၎င်းတို့၏ ဆိုက်ကားများတွင် NLD အလံစိုက်ထားပြီး နံဖူးစီးများ စည်းထားကာ NLDကိုသာ စိတ်ဝင်စားကြောင်းလည်း ပြောဆိုထားသည်။

"NLD အလံထောင်ထားပြီး နဖူးစီးစည်းထားသူတို့အား အခြားပါတီမှ ယခုကဲ့သို့ ငွေပေးမဲဆွယ်မည် မဟုတ်ပါ။ ငွေပေးစည်းရုံးပါကလည်း သိက္ခချလို၍ လုပ်ကြံဆောင်ရွက်ချက်သာ ဖြစ်မည်ဟု ယူဆရပါသည်"ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

ယင်းအပြင် မီဒီယာများအနေကိုလည်း ဘက်မလိုက်ဘဲ တိကျမျှတသည့် သတင်းများ ထုတ်လွှင့်ရေးသားရန် နှင့် မီဒီယာကျင့်ဝတ်နှင့်အညီ ထုတ်လွှင့်ရန် တိုက်တွန်းထားသည်။

နိုင်ငံရေးပါတီများ အနေဖြင့် ငွေပေးမဲဆွယ်ပါက ရွေးကောက်ပွဲဥပဒေ ၅၉(က)အရ လာဘ်ပေးခြင်းနှင့် ငြိစွန်းပြီး တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly