ဘာသာရေး၊ လူမျိုးရေးဖြင့် တိုက်ခိုက်သူများ သတ္တိရှိပါက တရားဝင်စွပ်စွဲပါဟု ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်

ဘာသာရေး၊ လူမျိုးရေးဖြင့် တိုက်ခိုက်သူများ သတ္တိရှိပါက တရားဝင်စွပ်စွဲပါဟု ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်

သံတွဲ၊ အောက်တိုဘာ ၁၇ ။ ။ ရွေးကောက်ပွဲကိုအကြောင်းပြုပြီး သူမနှင့် သူမ၏ပါတီကို လူမျိုးရေး၊ ဘာသာရေး ထိုးနှက်နေသူများအနေဖြင့် သတ္တိရှိရှိ တရားဝင်စွပ်စွဲလိုက်ပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ခရီးစဉ်တွင် ပြတ်ပြတ်သားသားပြောဆိုလိုက်သည်။

“ဒီလိုပြောတတ်တဲ့သူတွေဟာ တစ်ကယ်သတ္တိရှိတယ်ဆိုလို့ရှိရင် ကျွန်မတို့ကိုတရားဝင် စာရေးပြီးတော့ စွပ်စွဲပါ။ တရားဥပဒေဘောင်အတွင်းကနေ ကျွန်မတို့ရင်ဆိုင်ပါမယ်” ဟု ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အောက်တိုဘာ ၁၇ရက်၊ နံနက်ပိုင်းကပြုလုပ်သည့် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လူမျိုးရေးပဋိပက္ခများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်သို့ ၁၃နှစ်အတွင်း ပထမဆုံး စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ဒေသခံများ
အများဆုံးမေးမြန်းသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရတစ်ရပ်ဖွဲ့နိုင်ပါက ရခိုင်တိုင်းရင်းသားတို့လက်မခံသည့် ဘင်္ဂလီများကြီးစိုးသွားမည်လော၊
ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားမည်လော ဟူသည့် မေးခွန်းများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်ပြောဆိုမှုများမှာလည်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပွားစေလောက်သည့် အမုန်းပွားစေသော ပြောဆိုမှုများဖြစ်သောကြောင့် ဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု ဒေါ်အောင်ဆန်းစုကည်က ပြောသည်။ ထိုလုပ်ရပ်များမှာ အဖွဲ့တစ်ခုက နိုင်ငံအဝှမ်းတွင် စနစ်တကျ ဝါဒဖြန့်ချီနေခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့တွင် ယမန်နေ့က ပြုလုပ်သည့် ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသေးသည်။

“ကျွန်မသတ္တရှိရှိမေးရဲတယ်။ ကျွန်မတို့အဖွဲ့ချုပ်က ဘယ်တုန်းက တရားဥပဒေချိုးဖောက်ဖူးလို့လဲ၊ ကျွန်မတို့က ပြည်သူလူထုကို ဘယ်တုန်းက လိမ်လည်လှည့်ဖျားပြီး စည်းရံးဖူးလို့လဲလို့ ကျွန်မအနေနဲ့ စိန်ခေါ်ရဲပါတယ်” ဟု သူမက ဆိုသည်။

ဒေသခံတစ်သောင်းခန့် တက်ရောက်ခဲ့သည့် သံတွဲမြို့ဟောပြောပွဲနှင့် ကိုက် ၅၀၀ခန့်အကွာတွင် လက်နက်များကိုင်ဆောင်ကာ ရဲတပ်ဖွဲ့ဝင်အနည်းဆုံး ၁၀ဦးခန့် လုံခြုံရေးယူထားသည်ကိုလည်း တွေ့ရသည်။

“သူ(ဒေါ်အောင်ဆန်းစုကြည်)ပြောသွားတဲ့ အထဲမှာ ဘာသာရေး၊ လူမျိုးရေးကိစ္စကို ပြတ်ပြတ်သားသားပြောသွားတာ ကောင်းပါတယ်။ အမျိုးသားရေးကိစ္စကတော့ ကျွန်တော်တို့ လက်မခံဘူး” ဟု သံတွဲမြို့ခံတစ်ဦးက ဟောပြောပွဲအပြီးတွင် ပြောသည်။

အဆိုပါဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ပါတီ အနိုင်ရပါက ဥပဒေဘောင်အတွင်းကသာ လုပ်ဆောင်သွားမည်ဖြစ်ပြီး “ကျွန်မတို့ နိုင်ငံရေးလုပ်တာဟာ ပြည်သူလူထုကို အားကိုးလို့ပါ။ ဘယ်နိုင်ငံခြားအစိုးရကိုမှ ကျွန်မတို့ အားမကိုးပါဘူး” ဟုလည်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သံတွဲမြို့ဟောပြောပွဲအပြီးတွင် သံတွဲမြို့နှင့် မိုင် ၈၀ကျော်ဝေးသော ဂွမြို့သို့ ဆက်လက်ထွက်ခွာသွားပြီဖြစ်ကာ အောက်တိုဘာ ၁၈ရက်တွင် ဂွမြို့တွင် ဟောပြောသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly