နေပြည်တော်ဝန်ထမ်းအိမ်ရာများတွင် မဲမဆွယ်ရန် ကော်မရှင်သတိပေး

နေပြည်တော်ဝန်ထမ်းအိမ်ရာများတွင် မဲမဆွယ်ရန် ကော်မရှင်သတိပေး

နေပြည်တော်၊ အောက်တိုဘာ ၁၅ ။ ။ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများတွင် မဲဆွယ်စည်းရုံးမှုမပြုရန် နေပြည်တော် ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက အောက်တိုဘာ ၁၅ရက် နေ့စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

"ဝန်ထမ်းအိမ်ရာများတွင် ပါတီနိုင်ငံရေး မဲဆွယ်စည်းရုံးခြင်း နှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်ကိစ္စ"ဟူသည့် အကြောင်းအရာပါ ယင်းသတိပေးစာတွင် "နေပြည်တော် နိုင်ငံ့ဝန်ထမ်းအိမ်ရာများတွင် မဲဆွယ်စည်းရုံးခွင့် မပြုကြောင်း"ဟု ထင်ရှားစွာ ရေးသားထားသည်။

ယင်းသို့ တားမြစ်ခြင်းနှင့် ပတ်သက်၍ ဝန်ထမ်းအိမ်ရာအများဆုံးရှိသည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်လောင်း ဦးဖြိုးဇေယျာသော်က "နိုင်ငံ့ဝန်ထမ်းအိမ်ရာများမှာ တစ်အိမ်တက်၊ တစ်အိမ်ဆင်း မဲဆွယ်စည်းရုံးခွင့်ကိုတော့ ခွင့်မပြုဘူး။ ကျွန်တော်တို့အရင်တုန်းကလုပ်နေကျပုံစံဖြစ်တဲ့ ယာဉ်တန်းနဲ့အသံချဲ့စက်နဲ့ လှည့်လည်ဖို့ ခွင့်ပြုမယ်လို့ပဲ အကြောင်းပြန်လာတယ်။ အဲ့တော့ကျတော်တို့ကတော့ ဒီအခြေအနေက ကျတော်တို့လက်ခံနိုင်လောက်တဲ့ အခြေအနေတစ်ခုမဟုတ်ဘူး။" ဟု ပြောသည်။

ဝန်ထမ်းအိမ်ရာများတွင် မဲဆွယ်မှုကို တားမြစ်သည့် အကြောင်းပြချက်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ နေထိုင်ရာ အပျိုဆောင်၊ လူပျိုဆောင်၊ အိမ်ထောင်သည်လိုင်းခန်းများသို့ ဝင်ထွက်၍ မဲဆွယ်စည်းရုံးခွင့်ပြုပါက ဝန်ထမ်းများအချင်းချင်းတွင် စိတ်ဝမ်းကွဲပြားကာ စည်းလုံးညီညွတ်မှု ပျက်ပြားစေနိုင်မည်ဟု အကြောင်းပြကာ တားမြစ်ထားခြင်းဖြစ်သည်။

ယင်းတားမြစ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နှင့် ဆက်လက်ညှိနှိုင်းသွားမည်ဟု ဆိုသည်။

"ကျတော်တို့မနေ့ကလည်းပြောခဲ့ပြီးသား ဝန်ထမ်းတွေဆိုတဲ့ ဘာပဲပြောပြောသူတို့တွေ မဲထည့်ရမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အချက်အလက်တွေကို ရယူပိုင်ခွင့်ရှိရမယ် အဲ့လိုမျိုးရယူပိုင်ခွင့်တွေကို ပိတ်ပင်တားဆီးထားတဲ့အပေါ်မှာ မူတည်ပြီးသွားတော့ ကျွန်တော်တို့ကတော့ အခုလက်ရှိအနေအထားမှာ သက်ဆိုင်ရာပြည်ထောင်စုနယ်မြေအဖွဲ့ခွဲက ထုတ်ပြန်တဲ့စာဖြစ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆွေးနွေးညှိနှိုင်းပေးဖို့စာထပ်တင်ဖို့လုပ်ကိုင်ဆောင်ရွက်နေပါတယ်" ဟု ဦးဖြိုးဇေယျာသော်က ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေဇမ္မူသီရိမြို့နယ်တွင် ဝန်ထမ်းများနေထိုင်သည့် ရပ်ကွက်(၉)ရပ်ကွက်ရှိပြီး ဝန်ထမ်များနေထိုင်သည့် ရပ်ကွပ်နာမည်များကို ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိ ရပ်ကွက်၊ ပညာသိဒ္ဓိရပ်ကွက်၊ မင်္ဂလာသိဒ္ဓိ ရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိ ရပ်ကွက်၊ ဘောဂသိဒ္ဓိ ရပ်ကွက် အမည့်မှည်ထားသည်။

ထိုသိဒ္ဓရပ်ကွက်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်လောင်း ဦးဖြိုးဇေယျာသော်က အစိုးရရုံးပိတ်ရက်များ နှင့် ဝန်ထမ်းများ ရုံးဆင်းချိန်တို့တွင် လိုက်လံမဲဆွယ်မှု ရှိနေပြီး အခြားပါတီများကမူ မဲဆွယ်မှု မပြုပေ။

ဦးဖြိုးဇေယျာသော်၏ မဲဆွယ်မှုကို အောက်တိုဘာ ၁၄ရက် ညနေကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ မဲဆွယ်မှု မပြုရန် တားမြစ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly