ရှားတောတွင် ဝန်ကြီးဦးအောင်မင်း ဆန်အိတ်ပေးကာ မဲဆွယ်

ရှားတောတွင် ဝန်ကြီးဦးအောင်မင်း ဆန်အိတ်ပေးကာ မဲဆွယ်

ဒီမော့ဆို၊ အောက်တိုဘာ ၁၄ ။ ။ ကယားပြည်နယ် ရှားတောမြို့နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂလအမတ် ဦးအောင်မင်းက ရှားတောမြို့နယ်ထဲရှိ ကျေးရွာများတွင် အိမ်ပေါက်စေ့ ဆန်အိတ်များ လိုက်လံဝေငှကာ မဲဆွယ်လျက်ရှိသည်ဟု ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့မှ ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဒေါ်ဆိုဖာနီးယာက ပြောသည်။

“ရှားတောကို စည်းရုံးရေးဆင်းတဲ့ အချိန်ကျတော့ ဦးအောင်မင်းက ရွာသားတွေကို ဆန်အိတ်တွေဝေပေးနေတာ တွေ့တယ်ပေါ့နော်”ဟု ပြောသည်။

ယင်းအပြင် ကျောင်းတက်နေသည့် ကလေးငယ်များကို မိုးကာ အင်္ကျီများလည်း လာရောက်ပေးသွားသည်ဟုဆိုသည်။

SKY NET နှင့် ဆိုလာပြား တရွာတခုစီ နှင့် အိမ်ထောင်စု လူဦးရေပေါ်မူတည်၍ ဆန်အိတ်များ လာရောက်ပေးဦးမည်ဟု အောက်တိုဘာ ၁၁ရက်က ရှားတောတွင် လာရောက်ပြောဆိုသွားသည်။

ရှားတောမှ ဒေသခံများက ဒေါတနောကျေးရွာမှ သေးလဲရွာအထိ ဦးအောင်မင်းကို လမ်းဖောက်ပေးရန် နှင့် ဒေါတနောကျေးရွာတွင် ခန်းမဆောင် ဆောက်လုပ်ပေးရန် တောင်းဆိုထားပြီး ဦးအောင်မင်းကလည်း ဘတ်ဂျက်များ ထုတ်ပေးမည်ဟုလည်း ပြောဆိုထားကြောင်း သိရသည်။

ခန်းမဆောင်ဆောက်လုပ်ရန် ကျေးရွာအုပ်ချုပ်ရေးအပိုင်းမှ ကော်မတီများက စီမံကိန်းများ ဆွဲနေကြပြီဟုလည်း သိရသည်။

ကယား(ကရင်နီ)ပြည်နယ် ရှားတောမြို့နယ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ရုံးခန်းဖွင့်လှစ်ထားရှိပြီး ၎င်းနောက်လိုက် ကယားလူငယ်များ ခန့်အပ်ထားကာ သားဖြစ်သူမှ လာရောက်မုန့်ဖိုးများပေးထားသည်ဟု ရှားတောမြို့မှ အမျိုးသား လူငယ်တစ်ဦးထံမှ သိရသည်။

၎င်းလူငယ်များသည် ဦးအောင်မင်း၏ ခရီးစဉ်နောက်လိုက်များသာပြုလုပ်ကြရပြီး တစ်ရက်ခြားနှစ်ရက်ခြားလျှင် ငွေကျပ် နှစ်သောင်း (သို့မဟုတ်) သုံးသောင်း ပေးသွားသည်ဟု သိရသည်။

ကယားပြည်နယ် ရှားတောမြို့နယ်အတွင်းတွင် ကယားလူမျိုးအများဆုံးနေထိုင်ကြပြီး ဗမာစကားပြောတတ်သူ မြို့ပေါ်ရောက် လူငယ်အနည်းငယ်မျှသာရှိသည်။ ဦးအောင်မင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့် ရှားတောတစ်မြို့နယ်လုံးတွင် မဲဆန္ဒပေးနိုင်သူ လေးထောင်ခန့်သာရှိပြီး မဲဆန္ဒနယ် အမှတ် (၇)သည် ပျှမ်းမျှ ၂ ထောင်ခန့်သာ ရှိနိုင်မည်။

ရွေးကောက်ပွဲကာလအတွင်း တပ်မတော်မှ ကယားပြည်နယ်တွင်း မဲရုံ ၃၂ရုံ လုံခြုံရေးထားရှိမည်ဖြစ်ရာ ရှားတောမြို့နယ်အတွင်း တပ်မတော်မှ မဲရုံ ၃ရုံလုံခြုံရေးယူမည်ဟု ကော်မရှင်ထံမှ သိရသည်။

ရှားတောမြို့နယ်တွင် တပ်မ ၅၅ လက်အောက်ခံ ၂ ရင်းနှင့် ဒကစ လက်အောက်ခံ ၁ ရင်း၊ နယ်ခြားစောင့်တပ် ၁ ခွဲရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly