ဆန္ဒမဲလက်မှတ်များကို ပြည်နယ်/တိုင်း ကော်မရှင်များထံ ထုတ်ပေးနေပြီ

ဆန္ဒမဲလက်မှတ်များကို ပြည်နယ်/တိုင်း ကော်မရှင်များထံ ထုတ်ပေးနေပြီ
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးချုပ် (UEC)တွင် သက်ဆိုင်ရာပြည်နှင့်တိုင်းမှ ရွေးကောက်ပွဲအဖွဲ့ခွဲမှ တာဝန်ရှိသူများက နိုင်ငံပြင်ပရောက် နိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရန် ဆန္ဒလက်မှတ်တွင် ရုံးတံဆိပ်နှင့် လက်မှတ်ရေးထိုးရန် လာရောက်စဉ် ။ ဓာတ်ပုံ- ဦးလွင်

နေပြည်တော်၊ အောက်တိုဘာ ၁၂ ။           ။ ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၈ ရက်မှစကာ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ထုတ်ပေးနေပြီဟု ပြည်ထောင်စုရွေကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဆန္ဒမဲလက်မှတ် ရိုက်နှိပ်သည့် ပုံနှိပ်တိုက်များတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူးအဆင့်ရှိ ဝန်ထမ်းတစ်ဦးစီထား၍  သက်ဆိုင်ရာ ပြည်နယ်တိုင်းရွေကောက်ပွဲကော်မရှင် အဖွဲ့များကို မဲဆန္ဒ လက်မှတ်များ ထုတ်ပေးခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

"ရခိုင်တို့၊ ကယားတို့၊ တနင်္သာရီတို့ သူ့နေရာသူ ပြန်ရောက်နေပြီ။ ထုတ်ပြီးသွားပြီ" ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် စီမံဌာနမှတာဝန်ရှိတစ်ဦးကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်သည် ဆန္ဒမဲ လက်မှတ်များကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်တိုက်၊ ရန်ကုန်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်တိုက်များတွင် ရိုက်နှိပ်ခဲ့ခြင်းဖြစ်ပြီး ကြိုတင်မဲလက်မှတ်စာအိပ်များကို မန္တလေးရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ် တိုက်တွင် ရိုက်နှိပ်ကြောင်းသိရသည်။

ဆန္ဒမဲလက်မှတ်များကို ရိုက်နှိပ်သည့်အပေါ်မူတည်၍ ပြန်ကြားရေးဝန်ကြီးဌာနက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားပေးပြီး ကော်မရှင်မှတစ်ဆင့် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံ ဆန္ဒမဲ လက်မှတ်များ ထုတ်ယူရန် အကြောင်းကြားခြင်းဖြစ်သည်ဟု ပြည်ထောင်စု ရွေကောက်ပွဲ ကော်မှ စီမံဌာနမှ ဦးဝင်းခိုင်ဦးက ပြောသည်။                        

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မြန်မာနိုင်ငံများသားများအတွက် ကြိုတင်ဆန္ဒမဲပေးရန် ဆန္ဒမဲလက်မှတ်များကိုလည်း အောက်တိုဘာလ ၃ရက်မှ ၁၀ရက်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ထုတ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly