၂၀၁၀ ကြိုတင်မဲများ ကြားမကောင်းအောင်ဖြစ်ခဲ့ ယခုနှစ်တွင် အဖြစ်မခံနိုင်တော့ဟု တိုင်းကော်မရှင်ပြော

၂၀၁၀ ကြိုတင်မဲများ ကြားမကောင်းအောင်ဖြစ်ခဲ့ ယခုနှစ်တွင် အဖြစ်မခံနိုင်တော့ဟု တိုင်းကော်မရှင်ပြော

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်မဲများ ကြားမကောင်းအောင်အထိဖြစ်ခဲ့ပြီး ယခုနှစ်တွင် ယင်းကဲ့သို့ အဖြစ်မခံနိုင်တော့ဟု ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

"ထူးထူးခြားခြား ဖြစ်ခဲ့တာ နှစ်ခရိုင်လောက်ရှိတယ်။ ကျနော်တို့တော့ မဟုတ်ဘူး တခြားမှာ ဖြစ်ခဲ့တာ။ အဲ့ဒီစာရင်းတွေ ကြည့်လိုက်တော့ အမတ်တွေ မဲစာရင်းကို ကြေညာတဲ့အခါမှာ ကြိုတင်မဲက ဘယ်လောက်လဲဆိုတာကို ကြေညာတာကိုး ဟာဗျာ မြင်လို့မကောင်း ကြားလို့မကောင်း ဖြစ်ခဲ့တယ်" ဟု ဦးမြင့်အောင်က ပြောသည်။

ယင်းသို့သော အခြေအနေမျိုးကို " အမှန်ပြောရရင် ကျနော်တို့လည်း မကြိုက်ဘူး" ဟု ဦးမြင့်အောင်က ဆိုကာ “အဲ့ဒါကို သင်ခန်းစာ ယူပါတယ် ကျနော်တို့ ဧရာဝတီတိုင်းထဲမှာတော့ အဲ့ဒီလောက် အများကြီးဖြစ်ဖို့ မရှိဘူး။ ကျနော်တို့ ပိုပြီးတော့ ဂရုစိုက်ပါမယ် အဲ့ဒီ ကြိုတင်မဲ သတ်မှတ်ချက်တွေနဲ့ ညီတဲ့လူပဲ ပေးရမယ်။ ကြိုတင်မဲတွေ နည်းအောင် ကျနော်တို့ လုပ်ထားပါတယ်။ သတ်မှတ်ချက်ကို လိုက်နာဖို့ အဆင့်ဆင့်ကို ညွှန်ကြားထားတယ်” ဟုလည်း ပြောသည်။

ဧရာဝတီတိုင်းအတွင်း ကြိုတင်မဲများကို ၆ ရက်နှင့် ၇ ရက်များတွင် ထည့်နိုင်မည်ဖြစ်ပြီး သတ်မှတ်ချက်နှင့်အညီ ခွင့်ပြုသွားမည်ဟုလည်း သူကဆိုသည်။ “ကော်မရှင် အဆင့်ဆင့်ကို ပြောထားတယ် အပစ်ပြောစရာ မရှိအောင် ညွှန်ကြားချက်အတိုင်း လုပ်ရမယ်” ဟု ပြောသည်။

ကြိုတင်မဲနှင့် ပတ်သက်၍ မဲဆန္ဒနယ် ပြင်ပရောက်နေသည့် တပ်မတော်သားများနှင့် အိမ်ထောင်စုဝင်များ၊ ကျောင်းသားများ၊ သင်တန်းသားများ၊ အခြား မဲဆန္ဒရှင်များ၊ အချုပ်ခံနေရသူများ၊ ဆေးရုံရောက် အတွင်းလူနာများ၊ အစိုးရ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်နေသူများ ကြိုတင်မဲ ပေးခွင့်ရှိကြောင်း ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၅၄ တွင် ပြဋ္ဌာန်းထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly