မိုးကုတ်မြို့ရှိ ကျားခေါင်းပါတီ (SNLD) မဲဆွယ်ဆိုင်းဘုတ် ဖျက်စီးခံရ ကော်မရှင်က ရဲစခန်းသို့လွှဲ

မိုးကုတ်မြို့ရှိ ကျားခေါင်းပါတီ (SNLD) မဲဆွယ်ဆိုင်းဘုတ် ဖျက်စီးခံရ ကော်မရှင်က ရဲစခန်းသို့လွှဲ
Photo SNLD

မဇ္ဈိမ၊ အောက်တိုဘာ ၂ ။         ။ မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ၏ မဲဆွယ် ဆိုင်းဘုတ်တစ်ခု အောက်တိုဘာ ၁ ရက်နေ့က ဖျက်စီးခံခဲ့ရသည်ဟု ကျားခေါင်းပြည်သူ့လွှတ်တော် အမတ်လောင်း ဦးမျိုးဇင်က မဇ္ဈိမသို့ ပြောသည်။

''ဖျက်ဆီးခံရတဲ့ ဆိုင်းဘုတ်နားက ပါတီဝင်တစ်ယောက်က အသံကြားလို့ ထွက်ကြည့်တာ လူတစ်ယောက် ထွက်ပြေးသွားတာတွေ့တယ်။ မမိလိုက်ဘူး။ ကျွန်တော်တို့ ဓါတ်ပုံရိုက်ပြီး မြို့နယ်ကော်မရှင်ရုံးကို သွားတိုင်ပေမယ့် သူတို့နဲ့ မဆိုင်ဘူး၊ ရဲအရေးပိုင်တဲ့ ကိစ္စဖြစ်လို့ ရဲစခန်းကိုသာသွားပါလို့ပြောခဲ့တယ်။'' ဟု ၎င်းကပြောသည်။

ဖျက်စီးခံရသည့်ဆိုင်းဘုတ်မှာ မိုးကုတ်မြို့ ပိတ်စွယ်ရပ်ကွက် နယ်မြေ (၁)၊ ဟိုမိုင်းလမ်းမကြီးပေါ်ရှိ ကော်မရှင်မှ ခွင့်ပြုထားသော ၁၀ ပေ၊ ၆ ပေ ဗီနိုင်းဖြစ်သည်။

ဗီနိုင်းဆိုင်းဘုတ်တွင် ပါတီတံဆိပ်နှင့် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးမျိုးဇင်၊ တိုင်းဒေသကြီး(၁) အမတ်လောင်း ဦးညိုလင်းထင်၊ တိုင်းဒေသကြီး(၂) အမတ်လောင်း ဦးစိုင်းထွန်းကြည်၊ တိုင်းရင်းသားရေးရာအမတ်လောင်း ဒေါက်တာစိုင်းနော်ခေး တို့၏ ဓါတ်ပုံများ ရိုက်နှိပ်ထားသည်။

မိုးကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ဆက်သွယ်ရာ တာဝန်ခံဖြေကြားမည့်သူ မရှိသေးဟုသာ ပြန်လည်ပြောကြားသည်။

ကျားခေါင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ယင်းကိစ္စနှင့်ပတ်သက်၍ ''ကျွန်တော့ ဆီကို ဖုန်းဆက်ပြီးတော့ အကြောင်းကြားတယ်။ ရဲကိုတိုင်ခိုင်းထားတယ်။ ဒါမျိုးကနေရာအနှံ့မှာ ဖြစ်နေ တာ။ မနာလိုတဲ့သူတွေ လုပ်တာပေါ့၊ တခြားပါတီတွေလည်း ဖြစ်နိုင်ပါတယ်။ မဲဆွယ်စည်းရုံးရေးမှာ ဘာမှထိခိုက်မှု မရှိပါဘူး၊ ဗီနိုင်းဖိုးတော့ ရှုံးတာပေါ့။'' ဟု ပြောကြားသည်။

မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးထံ ဖျက်စီးခံရသည့် ဗီနိုင်းဆိုင်းဘုတ်ဓါတ်ပုံနှင့် တိုင်စာပေးခဲ့ပြီး ရဲစခန်းသို့ အမှုသွားဖွင့်ရာ တာဝန်ရှိသူလူကြီး လမ်းကြောင်းသွားနေ၍ ညနေပိုင်းမှ ပြန်လာခဲ့ ရန်ပြောကြောင်း ဦးမျိုးဇင်က မဇ္ဈိမသို့ ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ယခုဖျက်စီးခံရသော ဗီနိုင်းဆိုင်းဘုတ်မျိုး မိုးကုတ်မြို့ ဝန်းကျင်တွင် ၃၀ ခုကျော် စိုက်ထူထားပြီး၊ နောက်ထပ် ၄၀ ကျော် ထပ်မံစိုက်ထူရန်အစီအစဉ် ရှိသေးသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly