ပြည်ခိုင်ဖြိုးပါတီ မုဒုံမြို့နယ်အတွင်း မဲဆွယ်ရာတွင် မွန်ပါတီများ၏ တံဆိပ်ကို လွဲမှားစွာဖော်ပြ

ပြည်ခိုင်ဖြိုးပါတီ မုဒုံမြို့နယ်အတွင်း မဲဆွယ်ရာတွင် မွန်ပါတီများ၏ တံဆိပ်ကို လွဲမှားစွာဖော်ပြ
မွန်ပြည်သစ်ပါတီအလံ နှင့် မွန်အမျိုးသားပါတီ အလံတို့အား တွေ့ရစဉ်။

ရန်ကုန်၊ အောက်တိုဘာ ၁ ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များက မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း မဲဆွယ်စည်းရုံးဟောပြောမှု ပြုလုပ်ရာတွင် အခြားမွန်ပါတီများ၏ တံဆိပ်ကို လွဲမှားစွာဖော်ပြထားသည်ဟု မွန်အမျိုးသားပါတီက ကြေငြာထားသည်။

ရွေးကောက်ပွဲတွင် အစိုးရပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီက မွန်ပြည်သူများ ခေါင်းရှုပ်အောင် မွန်အမျိုးသားပါတီတံဆိပ်ကို မွန်ပြည်သစ်ပါတီတံဆိပ် မှားထည့်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တံဆိပ်ကို မွန်အမျိုးသားပါတီတံဆိပ် မှားထည့်ထားသည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပုံနှင့်တကွ ဖော်ပြထားသည်။

''ပါတီအချင်းချင်းနဲ့ ပြည်သူတွေ ထင်ရောင်ထင်မှားဖြစ်အောင်လုပ်တာ မဖြစ်သင့်ဘူး။ သက်ဆိုင်ရာ ကော်မရှင်ကလည်း တာဝန်ယူပေးရမယ့် သဘောရှိတယ်။ ခုလိုစည်းရုံးရေးကာလမှာ ထင်ယောင် ထင်မှားဖြစ်အောင် တမင်လုပ်တာလဲဖြစ်နိုင်တယ်။ ကျွန်တော်တို့တော့ ဟန့်တားရမယ်။'' ဟု မွန်အမျိုးသားပါတီအတွင်းရေးမှူး ဦးနိုင်စိုးမြင့်က မဇ္ဈိမသို့ပြောသည်။

မွန်အမျိုးသားပါတီက ယင်းသို့ အမှတ်တံဆိပ်များ မှားသည့်ကိစ္စအတွက် အထောက်အထားရှာနေပြီး သက်ဆိုင်ရာကော်မရှင်သို့ တိုင်ကြားမည်ဟု ဆိုသည်။  

မွန်ပြည်သစ်ပါတီသည် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းဖြစ်ပြီး မွန်အမျိုးသားပါတီမှာ ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်နေသော နိုင်ငံရေးပါတီဖြစ်သည်ဟု ဦးနိုင်စိုးမြင့်က ပြောပြသည်။

မုဒုံ မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်လွင်က ယင်းကိစ္စနှင့် ပတ်သက်၍ ''ကျွန်တော်တို့ ဒီတံဆိပ်တွေကနမှုနာ ထားတာဆိုပြီး ဟောပြောတဲ့ အခါတိုင်း ရှင်းပြတယ်။ ဒါတွေဟာ တံဆိပ်အမှန်တွေ မဟုတ်ဘူးလို့ရှင်းပြတယ်။ ကျွန်တော်တို့တမင် လုပ်တာမဟုတ်ဘူး။ သူတို့ တံဆိပ်က copy လုပ်ပြီး paste လုပ်လို့မရဘူး ဖြစ်နေတယ်၊ ပြင်လို့မရဘူး အဲ့ဒါကို လက်ကမ်းစာစောင်အဖြစ် မဝေပါဘူး။ မန်မိုရီစတစ်ထဲမှာပဲထည့်ထားတယ်။ ဟောပြောပွဲတွေမှာ ပါဝါပွိုင့်အနေနဲ့ပဲ ပြတာ။ ပွဲတိုင်းမှာ ပါးစပ်နဲ့ပဲရှင်းပြတယ်။ ဝင်ပြိုင်မယ့်ပါတီ ရှစ်ခုရှိတယ်။ ကျွန်တော်တို့ပါတီ တံဆိပ်အကြောင်းပဲရှင်းပြတယ်။ ကျန်တဲ့ပါတီတွေကို ကျွန်တော်တို့ မပုတ်ခပ်ပါဘူး။'' ဟု မဇ္ဈိမို့ ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီက မုဒုံမြို့နယ်အတွင်း စက်တင်ဘာ ၁၈ ရက်မှ စတင်ပြီး တစ်ရက် (၄) နေရာ မဲဆွယ်စည်းရုံးရေးဟောပြောခဲ့သည်ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မုဒုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်သို့ အောက်တိုဘာ ၁ ရက်ထိ လာရောက် အကြောင်းကြားခြင်း  စာတင်ခြင်း မရှိသေးဘဲ၊ အကယ်၍ တင်ပြလာခဲ့လျှင် ကော်မရှင်က သက်ဆိုင်ရာပါတီများအားခေါ်ယူ ဖြေရှင်းပေးမည်ဟု ကော်မရှင် အတွင်းရေးမှူး ဦးသန်းတင်အေးက ပြောသည်။

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly