ရွေးကောက်ပွဲတွင် ရဲတပ်ဖွဲ့ဝင်များ ဘက်မလိုက်ဖို့ ရဲချုပ် သတိပေး

ရွေးကောက်ပွဲတွင် ရဲတပ်ဖွဲ့ဝင်များ ဘက်မလိုက်ဖို့ ရဲချုပ် သတိပေး
နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် အောက်တိုဘာ ၁ရက်ကပြုလုပ်သည့် (၅၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် မိန့်ခွန်းပြောနေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲချုပ် ဇော်ဝင်းအား တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)

နေပြည်တော်၊ အောက်တိုဘာ ၁ ။ ။ ရွေးကောက်ပွဲတွင် လုံခြုံရေးကဏ္ဍအတွက် အခြေခံအကျဆုံး အခန်းကဏ္ဍတွင် တာဝန်ယူရမည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဘက်မလိုက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲချုပ် ဇော်ဝင်းက သတိပေး ပြောဆိုလိုက်သည်။

“ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ဒို့ရဲတပ်ဖွဲ့ဟာ ဘက်မလိုက်ဘဲ ကြားနေစံနှုန်းကို အမြင့်ဆုံး ဆောင်ရွက်နေတယ်ဆိုတာကို ပြည်သူအားလုံးသိရှိအောင် ပြသသွားကြပါ” ဟု အောက်တိုဘာ ၁ရက်က နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် (၅၁)နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ရဲချုပ် ဇော်ဝင်းက ပြောဆိုသွားခြင်း ဖြစ်သည်။

ထို့ြ့ပင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကောင်းဆုံးပြင်ဆင်ထားကြရန် ရဲတပ်ဖွဲ့ဝင်များအား ရဲချုပ်က သတိပေးခဲ့သေးသည်။

“ရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ပြီးစီးနိုင်ရေးအတွက် ဖြစ်နိုင်ချေရှိတဲ့ စိန်ခေါ်မှုတွေ၊ ကြုံတွေ့လာမယ့် အခက်အခဲတွေကို စဉ်ဆက်မပြတ် သုံးသပ်အဖြေထုတ်ပြီး စီမံချက်တွေ၊ အစီအမံတွေ ချမှတ်ကာ အကောင်းဆုံး ပြင်ဆင်ထားရှိသွားကြပါ” ဟု ရဲချုပ် ဇော်ဝင်းက ပြောသည်။

ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ တာဝန်ယူဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲလုံခြုံရေး တာဝန်ယူရမည့် ရဲတပ်ဖွဲ့ဝင်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက လေ့ကျင့်ပေးထားသလို ရွေးကောက်ပွဲလုံခြုံရေးနှင့် ပတ်သက်ပြီး နိုင်ငံတစ်ကာသို့လည်း လေ့လာရေးခရီးစဉ်များ စေလွတ်ထားသည်။

(၅၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုလည်း တက်ရောက် မိန့်ခွန်းပြောခဲ့ပြီး ၎င်း၏ မိန့်ခွန်းတွင်လည်း ရွေးကောက်ပွဲအကြိုကာလကစပြီး ရွေးကောက်ပွဲအလွန်ကာလအထိ လုံခြုံရေး အမြင်၊ အသိ၊ သတိတို့ဖြင့် အောင်မြင်အောင် တာဝန်ယူကြရန် အဓိကထားပြီး သတိပေးသွားသည်။

“တပ်ဖွဲ့ဝင်များအားလုံးဟာ လုံခြုံရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များကို သိရှိနားလည်ပြီး ကျင့်ဝတ်၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် တစ်သွေမတိမ်း ညီညွတ်အောင် ထိန်းသိမ်းဆောင်ရွက်ကြရမယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။

လာမည့် နိုဝင်ဘာလ ၈ရက်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသို့ သွားလာခြင်းမပြုရန် ကုလသမဂ္ဂအဖွဲ့က ၎င်းတို့၏ ဝန်ထမ်းများကို သတိပေးထားသလို မဲဆွယ်ကာလအတွင်း ဘာသာရေးအား ခုတုံးလုပ် အသုံးချပြီး သွေးခွဲခြင်းနှင့် ပဋိပက္ခများ ဖန်တီးဖြစ်ပေါ်လာမည်ကို စိုးရိမ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံး(၉)ခုက ပူးတွဲထုတ်ပြန်ချက်တစ်စောင် စက်တင်ဘာ ၁၅ရက်တွင် ထုတ်ပြန်ထားသည်။

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်
Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly