ရခိုင်တွင် မဲရုံ ၂၅၀၀ ကျော် အသုံးပြုသွားမည်

ရခိုင်တွင် မဲရုံ ၂၅၀၀ ကျော် အသုံးပြုသွားမည်

စစ်တွေ၊ စက်တင်ဘာ ၃၀။ ။ လာမည့်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်အတွင်း မဲရုံပေါင်း ၂၅၅၀ အသုံးပြုသွားမည်ဖြစ်ကြောင်း  ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှ သိရသည်။

စစ်တွေခရိုင်တွင် ၅၈၈ ရုံ၊ မြောက်ဦးခရိုင်တွင် ၆၈၁ ရုံ၊ မောင်တောခရိုင်တွင် ၁၇၅ ရုံ၊ ကျောက်ဖြူခရိုင်တွင် ၅၆၄ ရုံ၊ သံတွဲခရိုင်တွင် ၅၀၂ ရုံနှင့် စုစုပေါင်းမဲရုံ ၂၅၁၀ ယခင်က သတ်မှတ်ထားသော်လည်း ယခု ၄၀ တိုးသွားကြောင်း ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ကိုသူရိန်ထွဋ်က ပြောကြားသည်။

၎င်းက " ကျနော်တို့က မဲရုံအားလုံးကို စာသင်ကျောင်းတွေမှာ လုပ်မှာဖြစ်ပါတယ်။ " ဟု ဆိုသည်။

စာသင်ကျောင်းများမှာ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွား၍ ပြန်လည်ပြုပြင်ရမည့်ကျောင်းများမှာ ၃၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်သည်။ အသစ်ဆောက်လုပ်ရမည့် ကျောင်းများမှာ အောက်တိုဘာလအတွင်းမှ စတင်ဆောက်လုပ်မည် ဖြစ်သည့်အတွက် ရွေးကောက်ပွဲအတွက် အသုံးပြုမည့် စာသင်ကျောင်းများ အချို့ မပြီးစီးနိုင်သောကြောင့် ယာယီမဲရုံအဖြစ် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးလှစိန်ထွန်းက ပြောကြားသည်။

"အသစ်ဆောက်ရမယ့်ဟာကတော့ မပြီးနိုင်လို့ ယာယီမဲရုံတွေ လုပ်ရမယ်။ စာသင်ကျောင်းဝင်းထဲမှာ ဖြစ်ဖြစ်၊ အဆင်ပြေဖို့ နေရာတစ်ခုမှာ လုပ်ပေးမှာ ဖြစ်ပါတယ်။ ပြန်လည်ပြုပြင်ရမယ့်ကျောင်းကတော့ ၃၀ ရာခိုင်နှုန်းပြီးနေပါပြီ။ အသစ်ဆောက်မယ့်ဟာကတော့ ငွေကကျနေပြီဆိုတော့ ကုမ္ပဏီတွေကို အပ်လိုက်တော့မယ်။ " ဟု ပြောသည်။

အသစ်ဆောက်လုပ်ရမည့် စာသင်ကျောင်းမှာ ၆၆ ဆောင်ရှိပြီး၊ ပြန်လည်ပြုပြင်ရမည့် ကျောင်းမှာ ၄၂၀ ရှိကြောင်း၊ ယခု ယာယီစာသင်ဆောင်များမှာ ၆၁ ဆောင်ရှိကြောင်း သိရသည်။

" အသစ်ဆောင်လုပ်မယ့် ၆၆ ကျောင်းအတွက် ငွေကျေပ် သန်း ၁၈၈၀.၈  ငွေကျပါပြီ။ ပြန်လည် ပြင်ဆင်ဖို့ ကျောင်း ၂၂၆ တွက်လည်း ငွေကျပ် သန်း ၂၅၁.၂၄၈ ကျပါပြီ၊ ယာယီစာသင်ကျောင်းအတွက်က သိန်းပေါင်း ၃၃ သန်းဖြစ်ပါတယ်။ " ဟုပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် အသက် (၁၈)နှစ်ပြည့်ပြီး မဲပေးခွင့်ရသူများမှာ ၁၄၇၅၂၆၈ ဦးဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ သိရှိရသည်။

စစ်တွေခရိုင်တွင် ၄၂၆၉၃၃ ဦး၊ မြောက်ဦးခရိုင်တွင် ၄၆၃၅၁၅ ဦး၊ မောင်တောခရိုင်တွင် ၅၅၄၇၄ ဦး၊ ကျောက်ဖြူခရိုင်တွင် ၂၉၅၇၇၂ ဦး၊ သံတွဲခရိုင်တွင် ၂၃၃၅၇၄ ဦးတို့ဖြစ်ကြပြီး စုစုပေါင်း မဲပေးခွင့်ရှိသူဦးရေမှာ ၁၄၇၅၂၆၈ဦး ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ပါတီစုစုပေါင်း ၂၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းသူ ၈၉ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းသူ ၆၂ ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းသူ ၁၉၇ ဦး၊ ချင်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းသူ ၅ ဦးနှင့် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းသူ ၃၅၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ကော်မရှင်များမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား စိစစ်ခဲ့ရာ သတ်မှတ်အရည်အချင်းများနှင့် မပြည့်မီ၍ ပယ်ချခဲ့သည့် ဦးရေ  ၂၈ ဦးရှိခဲ့ကြောင်းသိရပြီး ၎င်းတို့အနက် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ အယူခံဝင်ရောက်လာမှုများရှိခဲ့သည့်အတွက် စစ်တွေ ပြည်နယ်လွှတ်တော်က တစ်ဦးနှင့် ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်က ကိုယ်စားလှယ်တစ်ဦးအား ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

 

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly