ဖယ်ဒရယ်ပြည်ထောင်စုပါတီ၏ မူဝါဒ သဘောထား

ဖယ်ဒရယ်ပြည်ထောင်စုပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၈ ။            ။ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဋ္ဌ ဦးစပ်သားဦး(ခေါ်) ဦးသီဟသူက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၈ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

''မိုင်ဆုန်ခ'' မင်္ဂလာကျက်သရေအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမ အပေါင်းတို့ခင်ဗျား -

ကျွန်တော်က ဖက်ဒရယ်ပြည်ထောင်စုပါတီ (Frderal Union Party) ရဲ့ဒုတိယဥက္ကဋ္ဌဦးစဝ်သာဦး(ခေါ်)ဦးသီဟသူဖြစ်ပါသည်။ FUP ပါတီ အကြောင်း တင်ပြရာမှာ -

(၁) ပါတီ၏သမိုင်းကြောင်း

(၂) ပါတီတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်

(၃) ပါတီ၏မူဝါဒသဘောထားနှင့်

(၄) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါတီ၏ ပါဝင်မှုအခန်းကဏ္ဍဆိုပြီး ကဏ္ဍလေးခုအနေဖြင့် တင်ပြသွားမှာ ဖြစ်ပါတယ်ခင်ဗျား။

(၁) ပါတီ၏သမိုင်းကြောင်း

ဖက်ဒရယ်ပြည်ထောင်စုပါတီ(FUP)ကို (၁၁ ရက်နှင့် ၁၂ ရက် ဇွန်လ၂၀၁၃ နေ့) ရှမ်းပြည်နယ် တောင်ကြီးမြို့ကျားဖြူပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့သော (၁၅)ကြိမ်မြောက် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)၏ (၁၅)ပါတီပုံမှန်အစည်းအဝေးကြီးမှ NBF အဖွဲ့ဝင်ပါတီအားလုံး၏တူညီသော သဘောဆန္ဒဖြင့် ဖက်ဒရယ်ပြည်ထောင်စုပါတီ(NBF)ပါတီကို ဖွဲ့စည်းတည်ထောင်ရန် သဘောတူ ဆုံးဖြတ်ခဲ့ပါသည်။

ပါတီတည်ထောင်ခြင်း

FUP  ပါတီကို ၈-၈-၂၀၁၃ နေ့တွင်ပါတီတည်ထောင်ရန် လျှောက်ထားခဲ့ရာ ၂၄-၁၂-၂၀၁၃နေ့စွဲပါစာအမှတ် ၃/နငရ-မပတ(၁)/ ကမရဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့တွင် မှတ်ပုံတင် အမှတ် (၇၁)ဖြင့် တရားဝင်မှတ်ပုံတင်ရရှိခဲ့ပါသည်။ ယခုအခါ NBF အဖွဲ့တွင်တိုင်းရင်းသားပါတီပေါင်း ၂၃ ပါတီအထိတိုးတက်လာခဲ့ပြီး FUP သည်လည်းNBF အဖွဲ့ဝင်အဖြစ် အတူလက်တွဲဆောင်ရွက်နေပါတယ်။

(၂) FUP ပါတီတည်ထောင်ခြင်း၏အဓိကရည်ရွယ်ချက်များမှာ-

(က) မိခင်ပါတီများဖြစ်ကြသော NBF  အဖွဲ့ဝင်တိုင်းရင်းသားစစ်စစ်ပါတီများသည် ခုနှစ်ပြည်နယ်တွင် အမိအရ ခြေကုပ်ယူထားပြီးဖြစ်သော်လည်း တိုင်းဒေသကြီးခုနှစ်တွင် အားနည်းနေခြင်းကို အပြည့်အ၀ အားဖြည့်ပေးရန်၊

(ခ) တိုင်းဒေသကြီးခုနှစ်ခုတွင် နေထိုင်ကြသော တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုရန်၊

(ဂ) လိုအပ်၍ မိခင်ပါတီများက တောင်းဆိုလာလျှင် ခုနစ်ပြည်နယ်တွင် အားဖြည့်ပေးရန်နှင့် သက်ဆိုင်ရာပြည်နယ်အစိုးရဖွဲ့နိုင်ရေးအတွက် ကူညီပေးရန်၊

(ဃ) ပြည်မတွင်နေထိုင်ကြသောတိုင်းရင်းသားပြည်သူများအတွက် နောက်ထပ် ပါတီကြီးတစ်ခုကို ရွေးချယ်နိုင်စရာ အခွင့်အလမ်းရရှိရန်၊

(င) ငြိမ်းချမ်းရေးသာယာသော ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ရန်နှင့်

(စ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့အတူ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းရှိသော federal ပြည်ထောင်စုဖြစ်ပေါ်လာရန် စသည့်တို့ဖြစ်ပါသည်။

ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ ယုံကြည်ချက်

ဖက်ဒရယ်ပြည်ထောင်စုပါတီဟာ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးတို့ရဲ့စည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးတို့ကို ဖော်ဆောင်နိုင်မယ့် ပါတီဖြစ်တယ်လို့ အပြည့်အဝယုံကြည်ပါတယ်။

ထို့အပြင် ပြည်နယ်၊ ပြည်ပ မခွဲခြားဘဲ တန်းတူညီသည့်ဥပဒေ ပြဋ္ဌာန်းခွင့်အုပ်ချုပ်စီမံပိုင်ခွင့်၊ တရားစီရင်ပိုင်ခွင့်နှင့် သယံဇာတအကျိုးကို ခံစားခွင့်တို့ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုရရှိအောင် အခြေခံဥပဒေကိုလည်းပြုပြင်၊ ဖြည့်စွက်၊ မလိုသည်ကိုပယ်ဖျက်သွားနိုင်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။

ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား -

ဖက်ဒရယ်စနစ်ဆိုတဲ့ဝေါဟာရဟာ ယခင် ၁၉၆၂ ခုနှစ်ကစပြီး ၂၀၁၀ ခုနှစ်အထိ တိုင်းပြည်ခွဲထွက်ရေးမူပါဆိုပြီး အာဏာရှင် အဆက်ဆက်က ဝါဒမှိုင်းသွင်းခဲ့တဲ့အတွက် ပြည်သူတစ်ရပ် လုံးကြောက်လန့် ခဲ့တဲ့ စကားရပ်ဖြစ်ပါတယ်။ တကယ်တော့ ဖက်ဒရယ်ဆိုတာ ပေါင်းစည်းခြင်း၊ စုစည်းခြင်း၊ စည်းလုံးခြင်းညီညွတ်ခြင်းဆိုတဲ့ အဓိပ္ပာယ်အပြင်ညီမျှခြင်းရှိတဲ့ ပြည်ထောင်စုဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ယခုအစိုးရလက်ထက်မှသာ ဖက်ဒရယ်ဆိုတဲ့စကားလုံကို ကျွန်တော်တို့ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)မှ စတင် တွင်တွင်ကျယ်ကျယ် တရားဝင်အသုံးပြုလာခဲ့တာ ယခုအခါ အစိုးရ၊ လွှတ်တော်နှင့်အခြားအဖွဲ့စည်းအားလုံးက လက်ခံလာပြီဖြစ်တဲ့အပြင် အဲဒီရလဒ်အကျိုးကြောင့် ကျွန်တော်တို့ ''ဖက်ဒရယ်ပြည်ထောင်စုပါတီ''ကို ပီပီပြင်ပြင်တည်ထောင်လာနိုင်ပြီဖြစ်တဲ့အတွက် အထူး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား -

(၃) ဖက်ဒရယ်ပြည်ထောင်စုပါတီရဲ့ မူဝါဒသဘောထားအချို့ကိုအကျဉ်းချုံး ဖော်ပြလိုပါတယ်။

နိုင်ငံရေး

ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပီပီပြင်ပြင်တည်ဆောက်သွားပါမယ်။

တိုင်းရင်းသားအရေး

တိုင်းရင်းသားအားလုံး၏တန်းတူညီမျှသောအခွင့်အရေးကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ ကာကွယ်စောင့်ရှောက်ပြီး တစ်ပြေးညီဘက်စုံဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။

တိုင်းရင်းသား(လူနည်းစု)မျိုးနွယ်များ မပျောက်ပျက်ရေးအတွက် အစွမ်းကုန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားပါမယ်။

နိုင်ငံခြားရေး

- လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည် ှရင်းနှီးစွာဆက်ဆံသွားမယ်။

- နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေကို လေးစားလိုက်နာမယ်။

- တိုင်းပြည်တစ်ပြည်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှောင့်ယှက်ခြင်းကို လုံးဝလက်မခံ။

စီးပွားရေး

လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို လက်တွေ့အကောင် အထည်ဖော်ပါမယ်။

နိုင်ငံသားလုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေးအတွက် ရင်းနှီးမြှုပ်နှံ မှုဥပဒေနှင့် ကာကွယ်ဆောင်ရွက်သွားပါမယ်။

လယ်ယာစိုက်ပျိုးရေး

- လယ်ယာလုပ်ကိုင်သူတိုင်း လယ်ယာပိုင်ဆိုင်ခွင့် လွှဲပြောင်း၊ ရောင်းချ ပေါင်နှံခွင့်ရှိရပါမယ်။

- မိမိပိုင်လယ်ယာမြေတွင် နှစ်သက်ရာသီးနှံစိုက်ပျိုးခွင့်ရှိပြီး ထွက်ကုန် သီးနှံများကို လွတ်လပ်စွာ သယ်ယူသိုလှောင်ရောင်ရောင်းချခွင့်ရှိရမယ်။

- မတရားသိမ်းဆည်းခံထားရသော လယ်ယာမြေများကို ပြန်လည် ှရရှိရေးအတွက် ဥပဒေဘောင်အတွင်းမှ ကြိုးပမ်းဆောင်ရွက်သွားပါမယ်။

ကျန်းမာရေး

ခုခံအားကျဆင်းရောဂါ(HIV/AIDS)ဝေဒနာရှင်များအတွက် ဆေးဝါး ရာသက်ပန် အခမဲ့ဖြန့်ဝေရေးကို ကြိုးပမ်းဆောင်ရွက်သွားပါမယ်။

အလုပ်သမားရေး

ဌာနဆိုင်ရာအားလုံးတွင် ရာထူးအဆင့်ဆင့် တိုးမြှင့်ခန့်ထားရာ၌ မိမိဌာနမှ ဝန်ထမ်းများကိုသာ ဦးစားပေးရွေးချယ်ရမယ်။

အမျိုးသမီးရေးရာကဏ္ဍ

ပြည်ထောင်စုမြန်မာနိုင်ငံတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍအသီးသီး၌ အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုှုနှုန်းသည် နိုင်ငံတကာနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းနေသည့်အတွက် လက်ရှိအနေထားမှ ၃၀ ရာခိုင်နှုန်းအထက် ပါဝင်နိုင်ရေး အထူးကြိုးပမ်းဆောင်ရွလာစေရန်မည်။

လူငယ်ကဏ္ဍ

  • လူငယ်များ၏စွမ်းဆောင်ရည်မြင့်မားလာစေရန် ပြည်တွင်းပြည်ပ သင်တန်းများစေလွှတ်၍ စနစ်တကျ စီမံချက်များရေးဆွဲရန်၊
  • လူငယ်များအတွက် အလုပ်အကိုင်သစ် အခွင့်အလမ်းသစ်များ ဖန်းတီးပေးရန်၊
  • တိုင်းရင်းသားပေါင်းစုံ ပါဝင်သော လူငယ်ညီလာခံတစ်ရပ်ကို အခါအားလျော်စွာ ကျင်းပနိုင်ရန်။

(၄) ငြိမ်းချမ်းရေးကဏ္ဍ

ငြိမ်းချမ်ရေးမရရှိဘဲ ပြည်တွင်း စစ်ဖြစ်ပွားနေသောကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ သယံဇာတနှင့် ဝင်ငွေအများစုသည် နှစ်ဖက်စစ်ရေးတွင် အသုံးပြုနေသောကြောင့် တစ်နိုင်ငံလုံး စီးပွားရေးနစ်နာကျရှုံးနေ ရပါတယ်။

ဒါကြောင့် နိုင်ငံရေးနှင့် ပြည်သူများကြီးပွားတိုးတက်ဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေးကိုရရှိစေရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။

လက်ရှိတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်(NCA)ဖြစ်မြောက်ရေးအတွက်လည်း ကျွန်တော်တို့ပါတီကသက်ဆိုင်ရာနှစ်ဖက်စလုံးကို အမြဲတိုက်တွန်းနေပါတယ်။ NCA စာချုပ် ချုပ်ပြီးနောက်ပိုင်း နိုင်ငံရေးမူဘောင်များ ရေးဆွဲညှိနှိုင်းပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအတွက် မူဘောင်(Frame Work) ရေးဆွဲရာမှလည်း ၅၆ ပါတီကိုယ်စားပြုမှာ ကျွန်တော်တို့ပါတီကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ပူးပေါင်းပါဝင်ဆောင်ရွက်နေပါကြောင်း တင်ပြလိုပါတယ်။

နောက်ဆုံးအနေနဲ့တင်ပြလိုတာကတော့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးတွေဟာ ယခုအစိုးရလက်ထက်မှာမှအစပျိုးရုံသာရှိပါသေးတယ်။ ဒါကြောင့် ဒီအရေးတွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရေးအတွက် လာမည့် ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးရေးဟာ မဲဆန္ဒဒရှင်ပြည်သူအပေါင်းရဲ့ တာဝန်ဖြစ် တာကြောင့် ကိုယ်စားလှယ်ရွေးချယ်ပေးရာမှာ ပါတီကိုလည်းစိစစ်ရွေးချယ်သင့်သလို ကိုယ်စားလှယ်လောင်းကို လည်း သေချာစိစစ်ပြီး ရွေးချယ်သင့်ပါကြောင်း တင်ပြလိုပါတယ်။

ကျွန်တော်တို့ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရွေးချယ်ရာမှာ အဓိကအချက်ကတော့ ပြည်သူများရဲ့ဆန္ဒနဲ့ဒေသအကျိုးကို စိတ်ရင်းစေတနာမှန်နဲ့ အမှန်တကယ်ဆောင်ရွက်ပေး မယ့်ပုဂ္ဂိုလ်တွေ ကိုပဲ အထူးဦးစားပေး ပေးရွေးချယ်ထားကြောင်း တင်ပြလိုပါတယ်။

ဒါကြောင့် ကျွန်တော်တို့ပါတီရဲ့ဆောင်ပုဒ်ကတော့ ''ကိုယ်ကျိုးမဖက်ပြည်သူ့ဘက်က အမြဲရပ်တည် ဖက်ဒရယ်ပြည်ထောင်စုပါတီ'' ဖြစ်ပါကြောင်းနဲ့အတူ ကျွန်တော်တို့ FUP ပါတီဟာ ပြည်သူများရဲ့အကျိုးကို လိုလိုလားလားနဲ့ သဘောထားဖြောင့်မှန်စွာ ဆောင်ရွက်ပါမယ့်အကြောင်းပြည်သူများအားလုံးရှေ့မှာ ဝန်ခံကတိပြုတင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေခင်ဗျာ။

တိုင်းရင်းသားတွေလက်တွဲညီအောင်ပွဲချီ

- (ဒို့ပြေ(ပြည်)ကို ဒို့ချစ်သည်၊ ဒို့မြေကို ဒို့ချစ်သည်

ငါတို့ချစ်တဲ့ ပြည်ထောင်စုကို တိုးတက်စေရန်ရည်.....

တိုင်းရင်းသားတွေလက်တွဲညီ အောင်ပွဲချီ ဒီမိုကရေစီ ခေတ်သစ်

လှမ်းတက်မည်...)၂

- ညီညွတ်မှုကို လေးစားယုံကြည် ထာဝရငြိမ်းချမ်းရေးကို မနှေး

တည်ဆောက်မည်...

ဖွံ့ဖြိုးတိုးတက်သာယာဝေစည် ကမ္ဘာ့အဆင့်မီ တက်လှမ်းချီ

အမျိုးသားရေးတာဝန် အမှန်ဖြစ်သည်...

- (လွတ်လပ်သည် တန်းတူညီ တရားမျှတမှုအခြေတည်....

ဖက်ဒရယ်စနစ်ကို ထူထောင်ကြမည် ခေတ်သစ်စနစ်ကို

ဦးတည်.....)၂

- နိုင်ငံ့အကျိုးကို မျှော်ကာရည် စည်းလုံးမှုနဲ့ဖော်ဆောင်မည်...

တိုင်းရင်းသားတွေ လက်တွဲညီ အောင်ပွဲချီ ဖက်ဒရယ်ပြည်ထောင်စု

ပါတီ.....

ဖက်ဒရယ်ပြည်ထောင်စုပါတီ

 ၁။  ပါတီအမည်  -  ဖက်ဒရယ်ပြည်ထောင်စုပါတီ
 ၂။  ပါတီအမည်(English)  -  Federal Union Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၈.၈.၂၀၁၃
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၇ ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးကမ်ကျင်ဒါလ်၊ ဦးစောသန်းမြင့်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၈.၁၀.၂၀၁၃
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၉.၁၁.၂၀၁၃
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၄.၁၂.၂၀၁၃
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၇၁)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၅)၊ ၆ လွှာ၊ ဝဲဘက်အခန်း၊ လှိုင်မြစ်လမ်း(ကမာရွတ် ဘူတာရုံလမ်း) ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၉၃၄၇၅၁၈၊ ၀၉-၂၀၄၂၉၉၆၊ ၀၉-၄၂၅၃၀၁၅၀၀
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly