ရန်ကုန်လူငယ်ကွန်ရက်က ရွေးကောက်ပွဲနေ့တွင် လူငယ်များ၏ သဘောထား အမြင်တောင်းခံမည်

ရန်ကုန်လူငယ်ကွန်ရက်က ရွေးကောက်ပွဲနေ့တွင် လူငယ်များ၏ သဘောထား အမြင်တောင်းခံမည်

ရန်ကုန်၊ စက်တင်ဘာ ၂၅ ။ ။ ရန်ကုန်လူငယ်ကွန်ရက်က လာမည့် အထွေထွေရွေးကောက်ပွဲကျင်းပသည့်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲလာထည့်သည့် လူငယ်များ၏ သဘောထားအမြင်ကောက်ခံမည်ဖြစ်သည်။

သဘောထားအမြင်များ တောင်းခံပေးမည့် စောင့်ကြည့်လေ့လာရေး စေတနာ့ဝန်ထမ်း လူငယ်များကို စက်တင်ဘာ ၂၈ ရက် နောက်ဆုံးထား၍ ဆက်သွယ်ပေးကြရန် ရန်ကုန်လူငယ်ကွန်ရက်က ကြေညာထားသည်။

''မဲရုံကို လူငယ်တွေ ဘယ်လောက်လာသလဲ၊ မဲပေးခွင့်ရရဲ့လားဆိုတာ စောင့်ကြည့်မယ်။ ပြီးတော့ မဲရုံတစ်ရုံက ထွက်လာတဲ့လူငယ် ၈ ဦးကို မေးမြန်းမယ်။ ပွင့်လင်းမြင်သာရဲ့လား၊ တာဝန်ခံမှုရှိလား အစရှိတာတွေမေးမယ်။ တစ်နိုင်ငံလုံး အတိုင်းအတာဆိုရင် လူငယ် ငါးထောင်လောက်ကို မေးမြန်းဖို့ စီစဉ်ထားပါတယ်။'' ဟု ရန်ကုန်လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုမိုဃ်းသွေးက မဇ္ဈိမသို့ပြောကြားသည်။

ရန်ကုန်မြို့တွင် လုပ်အားပေးလူငယ် ၁၈၀ ဦးလိုအပ်ပြီး လက်ရှိတွင် ၆၀ဦးသာ စာရင်းလက်ခံရရှိထားသည်။ ယင်းအပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူငယ် ၁၃၀၀ ဦးလိုအပ်ပြီး ၈၀၀ ဦးစာရင်းလက်ခံရရှိ၍ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရန်ကုန်တိုင်း တို့တွင် လုပ်အားပေးလူငယ်များ လိုအပ်နေသေးသည်ဟု ၎င်းကဆိုသည်။

လုပ်အားပေးလူငယ်များကို ရွေးကောက်ပွဲဆောင်ရန် ရှောင်ရန်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော အချက်အလက်များအားသိရှိစေရန် သင်တန်း ၁ ရက်ပေးပြီး၊ မဲရုံတစ်ရုံလျှင် မေးမြန်းမည့် လုပ်အားပေးလူငယ် ၂ ဦးနှုန်းထား တစ်မြို့နယ်လျှင်မဲရုံ နှစ်ရုံ (၄ ဦး) သာထားမည်ဟု ရန်ကုန်လူငယ်ကွန်ရက်ဝင် ကိုမျိုးဇော်က ပြောသည်။

စေတနာ့ ဝန်ထမ်းလူငယ်များသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ မြန်မာနိုင်ငံသားဖြစ်ရမည်၊ နိုင်ငံရေးပါတီဝင် မဖြစ်ရ၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းနှင့် ဆွေမျိုးတော်စပ်သူမဖြစ်ရ၊ မြန်မာစာကောင်းမွန်စွာရေးနိုင် ဖတ်နိုင်ရမည်ဟု ဖိတ်ခေါ်စာတွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly