NLD ပါတီအား မဲဆွယ်ခွင့်မပြုသည့် ဦးစခုန်တိန့်ယိမ်းအား ကော်မရှင်က ခေါ်ယူသတိပေးမည်

NLD ပါတီအား မဲဆွယ်ခွင့်မပြုသည့် ဦးစခုန်တိန့်ယိမ်းအား ကော်မရှင်က ခေါ်ယူသတိပေးမည်
စခုန်တိန့်ယိမ်း

စက်တင်ဘာ ၂၅ ။        ။ NLD ပါတီအား မဲဆွယ်စည်းရုံးရေး မပြုလုပ်ရန် တားမြစ်ခဲ့သည့် ကချင်ဒီမိုကရေစီသစ် တပ်မတော် NDA-K ဥက္ကဋ္ဌ ဦးစခုန်တိန့်ယိမ်းအား ကချင်ပြည်နယ်ရွေးကောက် ပွဲကော်မရှင်က ခေါ်ယူသတိပေးမည် ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက မဇ္ဈိမသို့ပြောကြားသည်။

''ဒီနေ့ဘဲစာထုတ်ပြီး ဦးစခုန်တိန့်ယိမ်းကို ၂၉ ရက်နေ့လာဖို့ ခေါ်ထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ညွှန်ကြားချက်ပေးပါတယ်။ စည်းရုံးရေးလုပ်တဲ့အခါ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းဥပဒေတွေကိုရှင်းပြမယ်။'' ဟု ၎င်းကဆိုသည်။

ဦးစခုန်တိန့်ယိမ်းက အခြားပါတီများကို တားမြစ်ခြင်းမရှိဘဲ NLD ပါတီတစ်ခုတည်းကိုသာ တားမြစ်ခြင်း ဖြစ်ပြီး အောင်နိုင်ရေးအဖွဲ့အနေဖြင့် ရွေးကောက်ပွဲကော်မရှင်၊ အခြားပါတီများနှင့် ပြေလည်အောင် ညှိုနှိုင်း ဆောင်ရွက်သွားမည်ဟု NLD မြစ်ကြီးနားမြို့နယ်အောင်နိုင်ရေးဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပြောသည်။
 
NDA-K ဌာနချုပ် ပန်ဝါဒေသသို့ NLD ပါတီက မဲဆွယ်စည်းရုံးရေးသွားရောက်စဉ် စက်တင်ဘာ ၂၂ ရက်နေ့တွင် နယ်မြေတည်ငြိမ်အေးချမ်းစေရန် ဆောင်ရွက်နေဆဲကာလဖြစ်၍ တားမြစ်ကြောင်းစာကို လာပေးခဲ့သည်ဟု ကိုယ်တိုင်စည်းရုံးရေးဆင်းခဲ့သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦးက မဇ္ဈိမသို့ ဖြေကြားသည်။

''စည်းရုံးရေးမလုပ်ခိုင်းယုံတင်မကဘူး၊ ကန်ပိုက်တီမှာ ဆိုင်းဘုတ်တွေ၊ ဗီနှိုင်းတွေဖျက်ဆီးခံရတယ်။ သူတို့အဖွဲ့ဆိုတာ သေချာပြောနိုင်ပါတယ်။ သူတို့ပြည်သူစစ်တွေ လာလုပ်သွားတာပါ။'' ဟု ၎င်းက ဆိုသည်။

စည်းရုံးရေးမလုပ်ရန် တားမြစ်စာတွင် ပန်ဝါဒေသ တစ်ခုတည်း မဟုတ်ဘဲ ချီဖွေတစ်မြို့နယ်လုံး၊ ဆော့လော် တစ်မြို့နယ်လုံးနှင့် ဝိုင်းမော်မြို့နယ်မှ ကန်ပိုက်တီ၊ ဆဒုံး၊ ဆဝမ်၊ မန်တောင်၊ မန်ဝိန်း၊ ရှငေါ်ဒေသများ ပါဝင်ကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။

ဦးစခုန်တိန့်ယိမ်းသည် နယ်ခြားစောင့်တပ် အသွင်ပြောင်း ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဥက္ကဌ နှင့် ကချင်ပြည်နယ် အမှတ် (၄) မဲဆန္ဒနယ်မှ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် မြို့နယ်များ၏ တစ်သီး ပုဂ္ဂလ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ၂၀၁၅ တွင်လည်း ထပ်မံဝင်ပြိုင်ဦးမည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags