ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံသိုု့ ခရီးသွားလာခြင်းကို ကန့်သတ်ရန် ကုလက ဝန်ထမ်းများကို ညွှန်ကြားထား

ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံသိုု့ ခရီးသွားလာခြင်းကို ကန့်သတ်ရန် ကုလက ဝန်ထမ်းများကို ညွှန်ကြားထား

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကာလအတွင်း နှောက်ယှက်မှုများ ရှိလာနိုင်သောကြောင့် မိမိတို့ဝန်ထမ်းများအနေဖြင့် အဆိုပါ ကာလအတွင်း မြန်မာနိုင်ငံသို့ သွားလာခြင်းများကို ကန့်သတ်လျှော့ချရန် ကုလသမဂ္ဂ၏ ၎င်းတို့၏ ဝန်ထမ်းများကို ညွှန်ကြားထားကြောင်း သိရသည်။

ကုလသမဂ္ဂ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာနက စက်တင်ဘာ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်သော ညွှန်ကြားချက် မိတ္တူအား ရရှိခဲ့သည့် ဒီဗွီဘီသတင်းဌာနက အဆိုပါသတင်းကို ဖော်ပြထားသည်။

“ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်းပြီးဆုံးသွားဖို့ တိုင်းပြည်အတွင်းမှာ မြင့်မားတဲ့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲဆိုင်ရာ အဟန့်အတားတွေက မဲပေးတဲ့နေ့ကနေစပြီး နောက်ဆုံးရလဒ်ကို ကြေညာမယ့် နိုဝင်ဘာ ၂၂ ရက် အထိ ရှိလာနိုင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၆ ရက်မှ ၂၄ ရက်အတွင်း အရေးကြီးသည့် အကြောင်းအရာများ မရှိပါက ယင်းကာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခြင်းမပြုလုပ်ရန် ညွှန်ကြားထားသည်။

အဆိုပါ ညွှန်ကြားချက်အား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် လက်အောက်ရှိ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာနကအကြီးအကဲ ပီတာ သောမတ်စ်ဒါနန်က လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

ကုလသမဂ္ဂက ဝန်ထမ်းများ ဘေးကင်းလုံခြုံရေး သေချာစေရန် အရေးပေါ် အစီအစဉ်အား ဆောင်ရွက်ခြင်းသည် ကုလ၏ လုပ်ထုံးလုပ်နည်း ဖြစ်ပြီး ယင်းကြိုတင်ကာကွယ်မှုသည် ရွေးကောက်ပွဲတွင် ဖြစ်လာနိုင်ချေရှိခြင်းအား ခန့်မှန်းခြင်းမဟုတ်ကြောင်း ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ပြန်ကြားရေးဆိုင်ရာအရာရှိ ဦးအေးဝင်းက ဒီဗွီဘီသတင်းဌာနကို ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly