လွတ်လပ်သောစေတန့ာ ၀န်ထမ်းများအဖွဲ့က ရွေးကောက်ပွဲကော်မရှင်၏ မသမာမှုများကို ဖော်ထုတ်

လွတ်လပ်သောစေတန့ာ ၀န်ထမ်းများအဖွဲ့က ရွေးကောက်ပွဲကော်မရှင်၏ မသမာမှုများကို ဖော်ထုတ်

ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မသမာမှုများ ဖော်ထုတ်တွေ့ရှိချက်များကို စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။

မြို့နယ်ကော်မရှင် အဖွဲ့ခွဲများက စက်တင်ဘာ ၁၁ ရက်တွင် မဲစာရင်းထုတ်ပေးခဲ့ခြင်းကို သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများက စက်တင်ဘာ ၁၂ ရက်၌ ကန့်ကွက်ကြ၍  စက်တင်ဘာ ၁၃ ရက်တွင် ယခုမဲစာရင်းကို ထုတ်ပေးခဲ့သောကြောင့် 'ကော်မရှင်သည် လိုအပ်လျှင် ကွန်ပျူတာ ပရိုဂရမ် သုံး၍ တစ်ရက်အတွင်း ဆောင်ရွက်နိုင်ကြောင်း' ဖော်ပြထားသည်။

စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်သော မဲစာရင်းတွင် မဲဆန္ဒရှင်အမည်များ ထပ်ကာထပ်ကာ ပါရှိနေခြင်း၊ ပထမအကြိမ် ပါရှိပြီးသူများ မပါဝင်တော့ခြင်း၊ အိမ်လိပ်စာတူများဖြင့် အမှန်တကယ် မနေထိုင်သော လူပိုများစွာ ပါရှိလာခြင်း၊ အမှားအယွင်းသစ်များ ပါရှိလာခြင်းတို့ တွေ့ရှိရသည်ဟု ဆက်လက် ဖော်ပြသည်။

ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၏ လူဦးရေစာရင်းကိုအခြေခံ၍ ဖြည့်စွက်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးသော မဲစာရင်းများကို ကွန်ပျူတာမှတ်တမ်းများတွင် သိမ်းဆည်းထားပြီး ဖြစ်၍ ယခု မဲစာရင်းမှာ 'တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် မပြည့်စုံသော မဲစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ် သလော' ဟု များစွာသံသယဖြစ်မိကြောင်း လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့က ဆိုသည်။

လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ထောင့် ပေါင်းစုံမှ ချဉ်းကပ်ဆောင်ရွက်မှုများအနက် ရွေးကောက်ပွဲမသမာမှု ကာကွယ်တားဆီးရေးနှင့် မှန်ကန် သည့် ပြည်သူ့ရွေးချယ်မှုရလဒ် ပေါ်ပေါက်ရေးကို အထူးဆောင်ရွက်နေသော အဖွဲ့ ဖြစ်သည်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြွေးကြော်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်မှာ သဘောထားမမှန်ခြင်း၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို လိုက်နာမှု အားနည်းခြင်း၊ မသမာမှုများအတွက် အခွင့်အလမ်း ကြိုတင် ဖန်တီးသကဲ့သို့ ဖြစ်နေခြင်း၊ အတိုက်အခံတို့၏ မဲများ လျော့နည်းသွားနိုင်ခြင်း၊ ပြည်သူအများအပြား ဆန္ဒမဲပေးခွင့် ဆုံးရှုံးနိုင်ခြင်း၊ မှားယွင်းသော ရွေးကောက်ပွဲရလဒ် ဖြစ်ပေါ်လာနိုင်ခြင်းတု့ိကို တွေ့ရှိနေ၍ လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့က ဖော်ထုတ်ထောက်ပြချက်၊ နှိုးဆော်တိုက်တွန်းချက်များ ဆက်တိုက်ပြုလုပ်သွားမည်ဟု အသိပေး ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly