အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၏ မူဝါဒ သဘောထား

အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၈ ။              ။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်တဲ့မိဘပြည်သူများခင်ဗျား -

၂၀၁၅ ရွေးကောက်ပွဲကြီးဟာ မကြာခင် ရောက်ရှိလာပါတော့မည်။ ဒါကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံရေးခောတ်သစ်တစ်ခုကို ၂၀၁၅ အလွန်မှာ စတင်ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီဟာ စားဝတ်နေရေးမပြေလည်လို့ ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေကို ကူညီဖို့၊ ဖက်ဒရယ်ဒီမိုကရေစီအခြေခံ ဥပဒေပေါ်ပေါက်စေဖို့နဲ့ အမျိုးသားညီညွတ်ရေးကြီးကို ရှာဖွေဖော်ထုတ်နိုင်ဖို့၊ နိုင်ငံတော် သစ်တည်ဆောက်ရေး အင်အားစုတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ယခင်က လယ်သိမ်းယာသိမ်း၊ မြေအသိမ်းခံလိုက်ရလို့ လက်ငုတ်ပျောက်ပြီး လုပ်စားကိုင်စားမရတဲ့သူတွေ၊ လက်ဝါးကြီးအုပ် စီးပွားရေးကြောင့် လုပ်ခွင့် ကိုင်ခွင့်တွေ ဆုံးရှုံးနေကြတဲ့သူတွေ၊ အဲဒီလက်ဝါး ကြီးအုပ်စီးပွားရေးကြောင့် ချမ်းသာတဲ့သူတွေက ထားစရာမရှိအောင် ချမ်းသာနေကြပြီးဆင်းရဲသူတွေက စားစရာမရှိအောင် ဆင်းရဲနေတဲ့ မြန်မာ့လူမှုစီးပွားရေးဘဝကို ပြောင်းလဲဖြစ်ဖို့ NDF ပါတီပေါ်ပေါက် လာတာဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ဘဝကို ကြည့်ပြန်တော့လည်း သင့်တင့်မျှတတဲ့ လုပ်ခ၊လုပ်အားနဲ့ထိုက်တန်တဲ့ လုပ်ခတွေရကြပြီလား။

မရကြသေးပါဘူး။ဒါကြောင့်အလုပ်သမားရေး၊ လယ်သမားရေးတွေဟာ ရှင်းမရနိုင်တဲ့ အနေထားကိုရောက်နေတာ အားလုံးအသိပါပဲ။ ကျောင်းသားသမဂ္ဂတွေ၊ လယ်သမား၊အလုပ်သမားသမဂ္ဂတွေ တရားဝင်တည်ရှိဖို့ ကိစ္စဟာလည်း အလှမ်းဝေးနေဆဲပဲလို့ ပြောရပါလိမ့််မယ်။ ဒါဟာ ဒီမိုကရေစီလွတ်လပ်ခွင့်ကို မခံစားကြ ရသေးဘူးဆိုတဲ့ သက်သေပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မြေပေါ်မြေအောက် သယံဇာတတွေ ပေါကြွယ်ဝတယ်လို့မစားရ၊ ဝခမန်း ပြောနေကြတယ။် ဒါပေမယ့် အဲဒီသယံဇာတ အခွင့်အလမ်းတွေကို ပြည်သူတွေ မခံစားကြရဘူး။ ဘယ်သူတွေ ခံစား နေရသလဲ။ လက်တစ်ဆုပ်စာ အခွင့်ထူးခံတွေပဲ ခံစားနေရတယ်မဟုတ်လား။ ဒါကြောင့်ဒီကနေ့ ပြည်သူတွေ ကြုံ့တွေ့ခံစားနေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး နယ်ပယ်တွေက အနိဋ္ဌာရုံတွေဟာ ခေတ်အဆက်ဆက်လက်ဝါးကြီးအုပ်ဖိနှိပ်မှုတွေကြောင့် ဖြစ်တယ်ဆိုရင် ဘယ်သူငြင်းမလဲ။ ငြင်းလို့မရနိုင်ဘူး။

အဲဒီတော့ ဒီကနေ့ ပြည်သူတွေ ကြုံတွေခံစာနေရတဲ့ စားဝတ်နေရေးဒုက္ခတွေက လွတ်မြောက်ဖို့ဆိုရင် ဒီခေတ်ကြီးကို ပြောင်းပစ်ရပါမယ်။NDF ပါတီဟာ ပြည်သူ့အတွက် စွမ်းနိုင်တယ်။ ဒါကြောင့် ဒီခေတ်ကြီးကိုပြောင်းပစ်ဖို့ ခမောက်ပါတီ NDF  ဟာ ပြည်သူ့ရှေ့မှောက်ကို ရောက်လာတာဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျား -

နိုင်ငံသစ်ဆီသွားတဲ့နေရာမယ် ညီညွတ်ရေးကို ရှေးမရှုဘဲ နိုင်ငံရေးလောဘတွေတက်ပြီး သခွတ်ပင်ကမီးတကျီကျီလုပ် အပုပ်ချနေကြရင် ဒီမိုကရေစီကတော့ မျှော်တိုင်းဝေးနေဦးမှာပါပဲ။ အဲဒီလို နိုင်ငံရေး ငါတကောကောပြီး ပုဂ္ဂိုလ်နိုင်ငံရေးတွေ၊ အာဏာနိုင်ငံရေးတွေကိုပဲ လုပ်နေကြမယ်ဆိုရင် နိုင်ငံရေးဝိပ္ပတ္တိခေတ်ဆိုးကြီးက ပြည်သူတွေ ဘယ်တော့မှ လွတ်နိုင်တော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် ပြည်သူ့အတွက် လုပ်တဲ့နိုင်ငံရေးလား။အာဏာအတွက် လုပ်တဲ့နိုင်ငံရေးလားဆိုတာ နိုင်ငံရေးပါတီတွေကို ခွဲခွဲခြားခြားသိထားဖို့ လိုပါလိမ့်မယ်။ ခမောက်ပါတီကတော့ လွှတ်တော်တွေ ထဲမှာ ပြည်သူတွေအတွက် သဲသဲမဲမဲ အရေးဆိုခဲ့တယ်။ လွှတ်တော်သက်တမ်းနဲ့အမျှအဆိုတွေ၊မေးခွန်းတွေ၊ ဥပဒေကြမ်းတွေ အများဆုံးတင်သွင်းခဲ့တဲ့ ပါတီတစ်ခုလည်းဖြစ်တယ်။ ဒါကြောင့် လွှတ်တော် ထဲမှာ ကိုယ်စားလှယ်တစ်ယောက်ထဲပဲရှိပါစေ။ အဲဒီလွှတ်တော်ကြီးကို ကိုင်လှုပ်နေဦးမှာပဲဆိုတာ ဒီနေရာကနေအတိအလင်း ကြေညာလိုက်ပါတယ်။

NDF ဟာ နိုင်ငံတစ်နံတစ်လျားမှာ နယ်စည်းမခြားဘဲ မြေအသိမ်းခံရတဲ့တောင်သူတွေရဲ့ ပြသူသနာကိုဖြေရှင်းဆောင်ရွက်ခဲ့တယ်။ ဒါ ပြည်သူ့ထံပါးကဘယ်တော့မှ ခွာမသွားဘူး။ ပြည်သူနဲ့ အတူ ရပ်မယ်ဆိုတဲ့အတိုင်း ရပ်ခဲ့တာပဲ။ အဲဒါကြောင့် ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေကို တကယ်ဆောင်ကြဉ်းပေးမယ့် ပါတီကို ဦးနှောက်ထဲက မဲတစ်ပြားကိုထည့်လိုက်ပါ။ ဒါမှစိတ်ချ ရပါလိမ့်မယ်။

အဲဒီလို ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေရေးနဲ့ လူမှုဘဝတွေသက်သာစေဖို့ NDF က ကြိုးပမ်းခဲ့တယ်ဆိုတာ တွေ့နိုင်ပါလိမ့်မယ်။ ဒါဟာ ဒီခေတ်ကြီးကိုပြောင်းပစ်ဖို့ NDF ရဲ့ ကြိုးပမ်းချက်တွေပါပဲ။ အဲဒါကြောင့် NDF ခမောက်ပါတီကို ယုံလိုက်ပါ။ ဒီမိုကရေစီကို လိုချင်ရင်၊ လူမှုရေး ဒုက္ခတွေက လွတ်ချင် ကြရင် ''ဒီခေတ်ကြးီကို ပြောင်းပစ်ဖို့ NDF  ကိုယ်စားလှယ်တွေကို ရွေးချယ်လိုက်ပါ'' အဲဒါ ဆိုရင် လာမယ့်လွှတ်တော်တွေထဲမှာ ခမောက်ပါတီ NDF ဟာပြည်သူ့အကျိုးပြုနိုင်ငံရေးကို စံပြုလောက်အောင် ထမ်းဆောင်သွားမှာပဲဆိုတာ ကတိပြုပါတယ်။

မိဘပြည်သူများခင်ဗျား-

ပြည်သူတွေက ခမောက်ပါတီ NDF ကို ရွေးချယ်လိုက်ရင် ကျွန်တော်တို့ပါတီဟာ စားဝတ်နေရေး ချောင်လည်စေဖို့ အဓိကထား ကြိုးပမ်းသွားပါ မယ်။ ဒါကြောင့် ထားစရာမရှိအောင် ချမ်းသာသူတွေနဲ့ စားစရာမရှိအောင် ဆင်းရဲနေ သူများရဲ့  ချမ်းသာဆင်းရဲကွာဟမှုကြီးကို ကျဉ်းကျုုံပစ်နိုင်အောင် ကြိုး ပမ်းသွားပါမယ်။

- လယ်သိမ်းယာသိမ်း မြေသိမ်းခံပြည်သူတွေရဲ့ ဘဝအာမခံချက်ရှိရေးအတွက် မိမိတို့နှစ်သက်ရာ စပါးမျိုးတွေကို စိုက်ပျိုးခွင့်ရရှိရေး လယ်လုပ်သူတိုင်း လက်ဝယ်ပိုင်ပိုင် လယ်လုပ်ပိုင်ခွင့် ရရှိနိုင်အောင် မဖြစ်မနေ ကြိုးပမ်းသွားပါမယ်။

- အခြေခံလူတန်းစားတွေရဲ့ မိသားစုလုပ်ငန်းတွေကို ဘဏ်ချေးငွေတွေရရှိအောင် ဆောင်ကြဉ်းသွားပါမယ်။

- ၂၀၂၀ ပြည့်နှစ်မှာ ကျေးရွာအားလုံး လျှပ်စစ်မီးရရှိစေဖို့ ဘက်ပေါင်းစုံက  ဖန်တီးဖော်ဆောင်သွားပါမယ်။

- ဒါတင်မကသေးပါဘူး။ ကုန်ဈေးနှုန်းတွေလည်း တည်ငြိမ်စေရပါမယ်။ ဒါကြောင့် အခွန်နှုန်းထားတွေ လျော့ကျစေပြီး တစ်ဖက်မှာ လုပ်ငန်းဦးရေပမာဏ တိုးချဲ့ကောက်ခံရေးကို ကြိုးပမ်းသွားပါမယ်။

- ပြည်သူအများ အလုပ်အကိုင်သစ်တွေ ဖြစ်ပေါ်စေဖို့ ရထားလမ်း၊ကားလမ်းသစ်များကို တိုးချဲ့ဖောက်လုပ်စေရပါမယ်။ နောက်ပြီး ရထား ပို့ဆောင်ရေးနဲ့ ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းတွေကို ပုဂ္ဂလိ ကပိုင်ကုမ္ပဏီကြီးငယ်လတ်တွေကို လုပ်ကိုင်ခွင့်ပြုစေရပါမယ်။ ဒါ့ကြောင့် ခရိုနီ လုပ်ငန်းရှင်ကြီးတွေရဲ့ မတည်ငွေတွေနဲ့ နိုင်ငံကို ပြန်လည်အကျိုးပြုရေးမှာ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးသွားရပါမယ်။ ဒါတွေအပြင်

-ပြည်တွင် ငြိမ်းချမ်းရေးရရှိသည် အထိ ကျွန်တော်တို့ ခမောက်ပါတီ NDF  ဟာ ပြည်သူနဲ့ အတူ လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း ထပ်လောင်း ကတိပြုလိုက်ပါတယ်။

မိဘပြည်သူများခင်ဗျား-

အဒဲ ါကြောင့် ပြည်သူလူထုကြီးကိုပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ်။ရွေးကောက်ပွဲ မဲထည့်တဲ့အခါမယ်ဟိုလူထည့်ရကောင်းနိုးနိုး၊ ဟိုပါတီထည့်ရကောင်းနိုးနိုး၊ ဒီမိုကရေစီသမားတွေပဲဆိုပြီး မဲထည့်မှား ရင်တော့ ဒီမိုကရေစီစုန်းပြူးတွေပဲရပါလိမ့်မယ်။ ဒီမိုကရေစီသမားဆိုတိုင်းအထင်ကြီးစိတ်နဲ့ မဲထည့်မှားရင်ကျားကြောက်လို့ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုးတာတွေနဲ့တွေ့ရလိမ့်မယ်လို့ သတိပေးချင်ပါ တယ်။ ဒီမိုကရေစီအရေခြုံထားတဲ့ အာဏာနိုင်ငံရေးသမားတွေကို မဲထည့်မှားရင်တော့ နောင်ငါးနှစ်လုံးလုံး နိုင်ငံရေးအမှောင်ဖုံးပြီး ပြည်သူတွေ ဒုက္ခလှလှကြီးတွေ့ပါလိမ့်မယ်။အဲဒါမြေကြီးကို လက်နဲ့ခတ် ရင်လွဲချင်သာလွဲမယ်၊ ဒုက္ခကတော့တွေ့မှာအမှန်ပဲ၊ ဒါကြောင့် ဘယ်သူတွေက အပြောသမားတွေလဲ၊ ဘယ်ပါတီကလက်တွေ့သမားတွေလဲဆိုတာ လေ့လာပြီးမှ ဦးနှောက်ထဲက မဲတစ်ပြားထည့် ကြဖို့ တိုက်တွန်းချင်တယ်။

မိဘပြည်သူများခင်ဗျား-

အသည်းကြားက မဲတစ်ပြားပဲဆိုရင်တော့ ဒီမိုကရေစီ အာဏာရှင်စနစ်အောက်မှာ ပြည်သူတွေနေရပါလိမ့်မယ်။ အသည်းကြားက မဲတစ်ပြားလုပ်ခဲ့ကြလို့ တိုင်းပြည်မှာ ဘာတွေဖြစ်ခဲ့သလဲ။ ပုဂ္ဂိုလ်နိုင်ငံရေးတွေနဲ့ အာဏာလုပွဲတွေပဲဖြစ်ခဲ့တယ်ဆိုတာ သမိုင်းမှာ သက်သေထင်ရှားရှိခဲ့ပါတယ်။

ခမောက်ပါတီ NDF  ဟာပြည်သူကို မရေရာမရာနိုင်ငံရေး အိပ်မက်တွေပေးတဲ့ပါတီမျိုးလား မဟုတ်ပါဘူး၊ ခြံစည်ရိုးပေါ် ခွထိုင်ပြီး မူမရှိ၊ လုပ်ငန်းစဉ်မရှိအခွင့်အရေးမျှော်နိုင်ငံရေးအချောင်သမား စားဖားတွေ လားဆိုတာကိုလေ့လာပြီးမှ မဲထည့်လိုက်ပါ။ ကျွန်တော်တို့ပါတီဟာ မှန်ရာကန်ရာကိုပြောပြီးပြောသလိုလုပ်မယ့် ပါတီဖြစ်တယ်။

ဒါကြောင့်မဲရရေးအတွက်ပြည်သူကိုလှည့်စားပြီးပြောနေမယ့်ပါတီမျိုး မဟုတ်ဘူးဆိုတာ ရဲရဲကြီးကတိပေးလိုက်ပါတယ်။ ဒါကြောင့်ပြည်သူကိုဘယ်တော့မှ သစ္စာမဖောက်ဘူး။ အခွင့်အရေးကြောင့်နဲ့တော့ လူထုအကျိုးပြုနိုင်ငံရေးက တစ်လက်မမှ သွေဖည်မသွားဘူးဆိုတာ ဒီနေရာကနေနိုင်ငံရေးသစ္စာ စကားဆိုပါတယ်။

အဲ့ဒါကြောင့် NDF ကိုယုံလိုက်ပါ။ ပြည်သူ့အတွက်ဆိုရင် NDF  စွမ်းနိုင်တယ်။ ဒါကြောင့်ဒီမိုကရေစီကို လိုချင်ရင်၊ စားဝတ်နေရေးပြေလည်ချင်ရင် ခမောက်ပါတီကိုယ်စားလှယ်တွေကို ရွေးချယ်လိုက်ပါ။

ဒီခေတ်ကြီးကိုမှ ပြောင်းချင်ရင်တော့ ခမောက်ပါတီ NDF ကိုမဲထည့်ပါမှခင်ဗျားတို့ နောင်ရေးစိတ်အေးရပါလိမ့်မယ်။ ဘာကြောင့်လဲ။ ခမောက်ပါတီလွှတ်တော် ကိုယ်စားလှယ်တွေစာ ပြည်သူတွေက မလိုလားတော့ပါဘူးဆိုပြီး မျက်နှာတစ်ချက်ညှိုးတာနဲ့ နိုင်ငံရေးသိက္ခာမဲ့စွာ လွှတ်တော်တွေထဲမှာ ပေကပ်နေမယ့် လူစားမျိုးတွေ မဟုတ်ဘူးဆိုတာကို ရဲရဲကြီးအာမခံရင်းနိဂုံး ချုပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

 ၁။  ပါတီအမည်  -  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
 ၂။  ပါတီအမည်(English)  -  National Democratic Force(NDF)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၇.၅.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၉ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဒေါက်တာသန်းငြိမ်း၊ ဦးတိုးပို
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၄.၆.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၄.၆.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၉.၇.၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၃၈)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးခင်မောင်ဆွေ၊ ဦးကြည်သန်း(တွင်း/မှုး-၁)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၄၇)၊ ပထမထပ်၊ အနောက်မြင်းပြိုင် ကွင်းလမ်း၊ ဗဟန်းမြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီး။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၅၀၅၉၆၄၀(ဥက္ကဋ္ဌ)၊ ၀၉-၅၁၃၇၃၇၃ (တွင်းမှုး/၁)၊၀၉-၂၂၂၈၃၄၇(တွင်းမှုး/၂)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly