ကမန်းအမျိုးသားတိုးတက်ရေးပါတီ မူဝါဒ သဘောထား

ကမန်းအမျိုးသားတိုးတက်ရေးပါတီ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၈ ။            ။ ကမန်းအမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဇော်ဝင်းက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်း ကရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မြန်မာပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

လေးစားအပ်ပါသော မဲဆန္ဒရှင် မိဘပြည်သူပြည်သားအပေါင်းတို့ခင်ဗျား-ကျွန်တော်ကတော့ ကမန်အမျိုးသားတိုးတက်ရေးပါတီ(ဗဟို)မှ ဥက္ကဋ္ဌ ဦးဇော်ဝင်းဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီကို ၂၀၁၀ ပြည့်နှစ် ဇွန်လမှာ ပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ၂၀၁၀ ခုနှစ် ဇူလိုင် ၅ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမှတ်စဉ်(၃၆)ဖြင့် မှတ်ပုံ တင်ခွင့်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ပင်ရင်းတိုင်းရင်းသား (၈)မျိုးကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် လူမျိုးစုတွေကိုတော့ လူတိုင်းမသိကြပါဘူး။ ကျွန်တော်တို့ ကတော့ ရခိုင်မျိုးနွယ်စုမှာပါဝင်တဲ့ ကမန်လူမျိုးစုဖြစ်ပြီး ရခိုင်ပြည်နယ်မှာအခြေခံပေါက်ဖွားလာတဲ့ လူမျိုးစုဖြစ်ပါတယ်။ ကမန်လူမျိုးတွေဟာ ရခိုင် ဘုရင်များအုပ်စိုးစဉ်ကာလက ရခိုင်တပ်မတော်မှာ လေးကိုင်သူရဲကောင်းများအဖြစ် အမှုထမ်းခဲ့ကြတဲ့ စစ်သည်တွေဖြစ်ကြောင်း ရခိုင်ဆရာတော်ကြီးများ ရေးသားခဲ့တဲ့ ရာဇဝင်သမိုင်းမှတ်တမ်းတွေမှာ တွေ့ရှိရပါတယ်။

ကမန်လူမျိုးတွေဟာ တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးမှာ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်အချိန်တွေမှာလည်း ကမန်အမျိုးသား ဦးဖိုးခိုင်မှ နိုင်ငံရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက် ခဲ့သလို ၁၉၉၀ နှစ်မှာလည်း ကမန်တိုင်းရင်သားများအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်တွင်လည်း ကမန်အမျိုးသား တိုးတက်ရေးပါတီကို ဖွဲ့စည်းတည်ထောင်ပြီးရခိုင်ပြည်နယ်အနှံ့မှာ ကိုယ်စားလှယ်ခြောက်နေရာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပါတယ်။ ယခု ၂၀၁၅ ခုနှစ်တွင်လည်း ကျွန်တော်တို့ပါတီမှ ရန်ကုန်တိုင်းအပါဝင် ရခိုင်ပြည်နယ် နေရာအချို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းပြီးဖြစ်ပါတယ်။

မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့ပါတီဟာ အမျိုးသားရေးကို အခြေခံပေမယ့် ကျွန်တော်တို့ပါတီကို ဝင်ရောက်လိုသူ နိုင်ငံသားတိုင်း ဝင်ရောက်ခွင့်ရှိပါတယ်။

နိုင်ငံတော်ကသတ်မှတ်ထားတဲ့ ဥပဒေနှင့်ညီညွတ်တဲ့ ဘယ်သူမဆို ပါတီဝင် အဖြစ် လျှောက်ထားနိုင်ပါတယ်။ ဒါပေမယ့် ပါတီဝင်တိုင်းကတော့ ကမန် လူမျိုးဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တော့မရှိပါဘူး။ ယခု၂၀၁၅အထွေထွေ ရွေးကောက်ပွဲမှာ နိုင်ငံတော်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်မယ့် အစိုးရသစ်နှင့် ဥပဒေပြုရေးမဏ္ဍိုုင်ကို တည့်မတ်ထိန်းကျောင်းနိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်များ ထွက်ပေါ် လာရေးအတွက် အများကြီးအရေးကြီးပါတယ်။

အဲဒီလို မှန်ကန်ကောင်းမွန်ပြီး ကိုယ်ကျိုးမဖက်ဘဲ အုပ်ချုပ်မှုစနစ်ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်လာရေးနဲ့ ပြည်သူတွေရဲ့ လိုလားချက်များကိုအကောင်ဆုံးအကောင်ထည်ပေါ်လာစေနိုင်ဖို့ အစိုးရကို တိုက်တွန်းတင်ပြ နိုင်မယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ ထွက်ပေါ်လာရေးမှာပြည်သူတို့က ပေးအပ်ရွေးချယ်မယ့် အသည်းကြားက မဲတစ်ပြားပေါ်မှာအဓိကမူတည်လျက်ရှိပါတယ်။

ဒါကြောင့် နိုင်ငံတော်နှင့် ပြည်သူတို့ရဲ့အကျိုးကို အမှန်တကယ် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်းမရှိတဲ့ အစိုးရ နှင့်လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပြည်သူများက မှားယွင်းပြီး မဲပေးရွေးချယ် မိမယ်ဆိုလျှင် အဲဒီလွှတ်တော် ကိုယ်စားလှယ်များက ပြည်သူတွေရဲ့ အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ အသေအချာပါပဲ။

မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား -

ဒါကြောင့်လည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲမတိုင်မီက ပြည်သူများဆီကမဲများရရှိပြီး ရွေးကောက်ပွဲအနိုင်ရရှိဖို့ နည်းလမ်းမျိုးစုံနဲ့ ကတိတွေပေးပြီးစည်းရုံးရေးဆင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အချို့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ မဲအနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရပြီးနောက် လွှတ်တော်ထဲကို ရောက်ရှိပြီးချိန်မှာ ပြည်သူများရဲ့အကျိုးကို မဆိုထားနှင့်၊ သူတို့ဝင်ရောက်အရွေးခံခဲ့တဲ့မဲဆန္ဒနယ်ရဲ့ အကျိုးကိုတောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိတာကို မိဘပြည်သူများ တွေ့မြင်ကြားသိနေရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ကတော့ အဲဒီလွှတ်တော်ကိုယ်စားလှယ်များလို ပြည်သူအများရဲ့အကျိုးကို လျစ်လျူရှုမယ့်သူများမဟုတ်ဘဲ ရပ်ရွာအကျိုးအတွက်၊နိုင်ငံအတွက် စိတ်ကောင်းစေတနာမှန်နဲ့  မိမိတတ်နိုင်တဲ့ဘက် ကကြိုးစားဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ တကယ်မလုပ်နိုင်တဲ့ကိစ္စကို ကတိလွယ်လွယ်ပေးပြီး ပြည်သူများဆီကမဲကို လိမ်လည်ရယူသွားတဲ့သူတွေ မဖြစ်စေရပါဘူး။

ကျွန်တော်တို့ဟာ ကမန်တိုင်းရင်းသားတွေဖြစ်ပါတယ်။ ဒါပေမယ့်မိမိလူမျိုးအတွက်သာ ဦးစားပေးဆောင်ရွက်မယ့် သူများမဟုတ်ဘဲ မိမိဒေသမြို့ရွာနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူများ၏ အခက်အခဲအကျပ်အတည်းများကို ဥပဒေနှင့်အညီ ကူညီဖြေရှင်း ဆောင်ရွက်ပေးဖို့ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒါကြောင့် မဲဆန္ဒရှင်နိုင်ငံသူ၊နိုင်ငံသားများအနေနဲ့  မိမိအသည်းကြားက မဲတစ်ပြားကို မဲပေးတဲ့အချိန်မှာ

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ စိတ်ကောင်စေတနာမှန် မမှန်၊ အကျင့်စာရိတူ္တကောင်း မကောင်း လေ့လာဆုံးဖြတ်ပြီး အရွေးမမှားကြဖို့ စေတနာကောင်းနဲ့ သတိပေး ပြောကြားလိုပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ်မလုပ်ပေးနိုင်တာတွေကို ပုံကြီးချဲ့ပြီး ချမပြလိုပါဘူး။ ကိုယ်ကြိုးစားပြီး ဆောင်ရွက်နိုင်မယ့်ကိစ္စကို ပြည်သူ့အကျိုးအတွက် အတတ်နိုင်ဆုံး ဥပဒေဘောင်အတွင်း ကဆောင်ရွက်ပေးသွားမယ်လို့တင်ပြလိုပါတယ်။

ကျွန်တော်တို့ပါတီရဲ့ မူဝါဒကိုလည်း အခုလိုဖော်ပြထားပါတယ်။

မူဝါဒသဘောထားများ

(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် လောက ပါလတရားများကို အခြေခံလူ့အခွင့်အရေးများ ကိုလေးစား လိုက်နာသော ပြည်ထောင်စုဖွားပြည်သူ၊ ပြည်သားများ ၊ ပါတီများနဲ့လက်တွဲပြီး အနာဂတ်မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဖြစ်ပေါ်လာစေဖို့ အစွမ်းကုန်ကြိုးပမ်းသွားရေး။

(ခ) အကြမ်းဖက်ဝါဒနဲ့ အခြားအစွန်းရောက်တဲ့ ဘယ်ဝါဒမျိုး ကိုမဆိုဆန့်ကျင်သွားရေး။

(ဂ) ကမ္ဘာ့နိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများနဲ့ ဖြောင့်မတ်ပြီးဘက်မလိုက်မူဝါဒကို အခြေခံတဲ့ ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ရေးတွင် ပါဝင်ကူညီရေး။

(ဃ) နိုင်ငံတစ်ဝန်းလုံးမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရေး။

(င) မြန်မာ့လူ့ အဖွဲ့အစည်းကို အကျိုးမပြုတဲ့ အတွေးအခေါ် အယူအဆများ၊ ပပျောက်ချုပ်ငြိမ်းသွားအောင် ပညာပေးစည်းရုံးရေး။

ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်တွင်း ဝင်ရောက်ရေးအတွက် မကြာမီပြည်သူများက မဲပေးခွင့်ရကြတော့မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်တစ်ရပ်မှာ မိမိတို့ရွေးချယ်လို တဲ့ခေါင်းဆောင်ကိုမဲပေးခွင့်ရရှိနေခြင်းသည်ဟာလည်းဒီမိုကရေစီရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တာမို့လို့ မဲပေးမမှားဖို့ လူရွေး မမှား ဖို့၊ ပါတီရွေးမမှားဖို့တော့ အရေးကြီးပါတယ်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံရေးဘက်ကို နည်းနည်း လေးဖြစ်ဖြစ်အလေးထားအချိန်ပေးပြီး လှည့်ကြည့်စေချင်ပါတယ်။ ကိုယ်ပေးရမယ့် အသည်း ကြားကမဲတစ်ပြားကိုလေးလေးနက်နက် တန်ဖိုးထားစေချင် ပါတယ်။ တတ်နိုင်သလောက် ချိန်ဆပြီး ဆုံးဖြတ်စေချင်ပါတယ်။

ဒီမိုကရေစီလူ့အဖွဲ့စည်းတစ်ခုကို တည်ဆောက်ရာမှာ ကိုယ်ရွေးချယ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ အရည်အချင်း ကောင်း/မကောင်း၊အများပြည်သူရဲ့အကျိုးကို ဆောင်ရွက်နိုင်သူဟုတ်မဟုတ် ခွဲခြားသိနိုင်ပြီးရွေးချယ်နိုင်စွမ်းရှိဖို့ မဲပေးတဲ့ပြည်သူတွေမှာလည်းလိုအပ်ပါတယ်။ ရွေး

ကောက်ပွဲပြီးသွားလို့ အချိန်တန်လျှင် မိမိတို့ရစေချင်တဲ့လွှတ်တော်ကိုယ်စားလှယ်ရမှာမဟုတ်ဘဲ မရထိုက်မရစေချင်သူတွေသာ အနိုင်ရသွားတဲ့အချိန်မှာ တာဝန်မဲ့စကားကို အဲဒီအချိန်မှာ မပြောစေချင်ပါဘူး။

အဲဒီလိုတာဝန်မဲ့စကားကို ပြောမယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေကဖြောင့်မတ်မှန်ကန်ပြီး အများပြည်သူအကျိုးကိုဆောင်ရွက်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ဆန့်ကျင်ပြောဆိုသလိုဖြစ်နေမှာ ပါ။ မိမိတို့ရဲ့မဲရွေးချယ်ပေးရန်တာဝန်ကို အလေးပေးမဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ဖြစ်၊ မဲမပေးခဲ့တာကြောင့်ပဲဖြစ်ဖြစ် နိုင်ငံတော်အတွက်အများ ပြည်သူအတွက် လူကောင်းသူကောင်းတွေ ပြည်သူ့ လွှတ်တော်အဆင့်ဆင့်ထဲကို ရောက်မလာခဲ့လို့ရှိရင် ကျွန်တော်တို့ရဲ့ တိုင်းပြည်အခြေနေတိုးတက် လာနိုင်မလား။ ဘယ်လိုဖြစ်သွားနိုင်လဲဆိုတာကို စဉ်းစားကြစေလိုပါတယ်။တိုင်းပြည်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးရမယ့်သူများက မဲဆနဒရှင်ပြည်သူများသာ ဖြစ်ပါတယ်လို့  တင်ပြလိုပါတယ်။

မဲဆနဒရှင်မိဘပြည်သူများခင်ဗျား -

ကျွန်တော်တို့ ကမန်အမျိုးသားတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးခဲ့မယ်ဆိုလျှင် ကျွန်တော်တို့ ပြည်သူတွေရဲ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့အခါ ကျွန်တော်တို့ကို မဲပေး ခဲ့တဲ့ပြည်သူတွေရဲ့အကျိုး၊ နိုင်ငံ၊ မြို့ရွာအကျိုးကို အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့သက်သေပြသွားမှာပါ။

ဒါကြောင့် ကျွန်တော်တို့ပါတီဟာ လူမျိုးစုပါတီဖြစ်တာကြောင့် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ ရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် မင်္ဂလာတောင်ညွန့မြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၄)မှာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးတို့ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ကမန်အမျိုးသားတိုးတက်ရေးပါတီတံဆိပ်ကတော့ အခုပြသတဲ့ဒီပုံပဲ ဖြစ်ပါတယ်။ပြည်သူများလွှတ်တော်ကိုယ်စားလှယ်များကို သေချာလေ့လာဆန်းစစ်ပြီး မိမိအသည်းကြားကမဲတစ်ပြား ကိုပေးတဲ့အခါ မဲပေးမမှားကြဖို့ တိုင်းပြည်နဲ့နိုင်ငံသားများရဲ့အကျိုးကိုသယ်ပိုးဆောင်ရွက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များကိုရွေးချယ်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုပြောကြားရင် နိဂုံးချုပ်အပ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံး ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေ။

ကမန်းအမျိုးသားတိုးတက်ရေးပါတီ

 ၁။  ပါတီအမည်  -  ကမန်းအမျိုးသားတိုးတက်ရေးပါတီ
 ၂။  ပါတီအမည်(English)  -  Ka Man National Development Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၅.၅.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၆ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးဇော်ဝင်း၊ ဦးတင်လှိုင်ဝင်း
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၃.၆.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၆.၆.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၅.၇.၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၃၆)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးဇော်ဝင်း၊ ဦးတင်လှိုင်ဝင်း
 ၁၃။  ပါတီနယ်မြေ  -  ရခိုင်ပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၄၆၀)(၄လွှာ)၊  မြလေးရုံလမ်း၊ မေတ္တာညွှန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၉-၇၃၀၆၇၃၁၄၊ ၀၉-၇၃၂၀၅၃၈၀၊

 ၀၉-၇၃၂၀၅၃၈၀၊ ၀၉-၇၃၁၀၃၉၈၃(ဒု-ဥက္ကဋ္ဌ) ၊

 ၀၉-၈၆၃၅၇၄၅

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly