အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်ပါတီ၏ မူဝါဒ သဘောထား

အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၇ ။         ။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) ဥက္ကဌ ဦးမောင်နီက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၆  ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်တဲ့ မိဘပြည်သူများခင်ဗျား-

မဲဆန္ဒရှင်ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သပါတယ်။

ကျွန်တော်ကတော့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) ရဲ့  ဥက္တဋ္ဌ ဦးမောင်မောင်နီဖြစ်ပါတယ်။ ကျွန်တော် ယခုတင်ပြမှာ ကတော့ (NDPD) ပါတီကိုယ်စား ပါတီရဲ့ မူဝါဒသဘောထား အကျဉ်းချုပ်နှင့် လုပ်ငန်းစဉ်အချို့ပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် သမိုင်းအဆက်ဆက်မှာ ပြည်ထောင်စုဖွားအားလုံး အေးအတူပူအမျှ ဥမကွဲသိုက်မပျက် အတူတကွလက်တွဲ နေထိုင်ခဲ့ပြီး လူမျိုးမရွေး၊ ဘာသာမရွေး အလွှာအသီးသီးတို့က နယ်ချဲ့တို့ကြောင့် ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးကို ပြန်လည်ရယူဖို့ တိုက်ပွဲဝင်ခဲ့ကြတယ်။ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာလည်း ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတော်အဖြစ် တည်ဆောက်ဖို့ ပြည်ထောင်စု ဖွားအားလုံး ကြိုးပမ်းခဲ့ကြတယ်။

ယခုလည်းပဲ ပြည်ထောင်စုဖွား ပြည်သူပြည်သားအားလုံးက ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရန် ဆန္ဒပြုထားသည့်အတိုင်းပဲ ကျွနှ်ပ်တို့ ပါတီ်အနေဖြင့်လည်းဒီမွန်မြတ်တဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းဆောင်ရွက်ဖို့ ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။

ဒီမိုကရေစီ မြတ်နိုးတဲ့ မိဘပြည်သူများခင်ဗျား-

ကျွန်တော်ယခုတင်ပြမှာကတော့ ပါတီရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ပြည်ထောင်စုဖွားလူမျိုးအားလုံး လူမျိုး ဘာသာ ဒေသ အဆင့်အတန်း ခွဲခြားမှုမရှိဘဲ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှခြင်း တည်းဟူသော လောကပါလတရား များကို အခြေပြုတဲ့ မြန်မာ့လူ့ဘောင်သစ်တစ်ရပ် ဖော်ဆောင်ပြီး ထာဝစဉ် တည်တံ့ နိုင်ရေးအတွက် ပါတီအနေဖြင့် ဦးတည်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဖွားအားလုံး အချင်းချင်း မလိုမုန်းတီးမှုဖြစ်ပေါ်စေသည့် ပယောဂများ ဖန်တီးမှုများ ချုပ်ငြိမ်းစေပြီး အတူတကွ လက်တွဲနေထိုင်ခဲ့ သည့် အစဉ်အလာရှိသည့်အတိုင်း စိတ်ညီ၊ လက်ညီ၊ ညီညီညွတ်ညွတ်ဖြင့်ပြည်ထောင်စုကြီး မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် ပြုစုပျိုးထောင်သွားရန်လည်း ရည်ရွယ်ပါသည်။

ပြည်ထောင်စုကြီး စည်းလုံးညီညွတ်မှုနှင့် အချုပ်အခြာအာဏာကိုမထိခိုက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ တွင်လည်း ပါဝင်ဆောင်ရွက်ရန် ပါတီအနေဖြင့် ရည်ရွယ်ပါတယ်။

ဖော်ဆောင်ပြီးတဲ့ နိုင်ငံတော်သစ်နှင့် မြန်မာ့လူ့ဘောင်သစ်ကို ပြည်ထောင်စုဖွားအားလုံးနှင့်အတူ ညီညီညွတ်ညွတ်ဖြင့် အစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ပြုစုပျိုးထောင်သွားဖို့လည်း ဒီပါတီအနေနဲ့ ရည်ရွယ်ထားပါတယ်။

ပြည်ထောင်စုဖွား လူမျိုးအချင်းချင်း၊ ဘာသာအချင်းချင်း အပြန်အလှန် အသိအမှတ်ပြုမှု၊ ချစ်ကြည်လေးစားမှု၊ စာနာထောက်ထားမှု၊ ရိုင်းပင်းကူညီမှု ရရှိကြစေရေးနှင့် နားလည်မှုတည်ဆောက်ရေးကိုလည်း ကျွန်တော်တို့ပါတီ အနေနဲ့ ရည်ရွယ်ထားပါတယ်။

လေးစားအပ်တဲ့ သောတရှင် မိဘပြည်သူများခင်ဗျား -

အထက်ပါ ရည်ရွယ်ချက်များ အောင်မြင်နိုင်ရေးအတွက် အောက်ပါ နိုင်ငံရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံသားတိုင်း စည်းကမ်းပြည့်ဝသည့် မြန်မာ့လူ့ဘောင်နဲ့ကိုက်ညီသောဒီမိုကရေစီဖော်ဆောင်ရေးကို ချစ်မြတ်နိုး၍ အစဉ်လေးစားလိုက်နာရန်စည်းရုံးသွားမည်။

မြန်မာ့လူ့ဘောင်အတွက် အကျိုးမပြုတဲ့အတွေးအခေါ်အယူအဆများပပျောက်ချုပ်ငြိမ်းအောင် ပညာပေးစည်းရုံးသွားမည်။

မည်သည့်အကြမ်းဖက်ဝါဒနှင့် အခြားလက်ဝဲလက်ယာ အစွန်းရောက်သည့်ဝါဒမျိုးကိုမဆို အစဉ်အမြဲ ဆန့်ကျင်သွားမည်။

လောကပါလတရားကို အခြေပြုသည့် မြန်မာ့လူ့ဘောင်သစ်ကို အစဉ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် ပြည်ထောင်စုဖွား လူမျိုးပေါင်းစုံ အလွှာအသီးသီးတို့နှင့် တွေ့ဆုံဆွေးနွေးရေး အပြန်အလှန်ချစ်ကြည်မှု တည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်။

ရွေးကောက်ပွဲမှာ မိမိတို့ပါတီနှင့် ပူးပေါင်းဆောင်ရွက်လိုသော(သို့) အားပေးကူညီသောပါတီများ၏ ကိုယ်စားလှယ်လောင်းများကို အားပေးကူညီ သွားမည်။

တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များက တိုက်ရိုက်ရွေးချယ်တင်မြှောက်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များနဲ့ပူးပေါင်းပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်သွားမည်။

ပြည်ထောင်စုဖွားလူမျိုးအားလုံး လူမျိုးဘာသာအဆင့်အတန်းခွဲခြားမှုမရှိသော တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှခြင်းနဲ့ပြည့်စုံသည့် မြန်မာ့လူ့ဘောင်သစ်တစ်ရပ်ကို ဖော်ဆောင်သွားမည်။

ပြည်ထောင်စုဖွားပြည်သူပြည်သားအားလုံး ပြည်ထောင်စုတစ်ဝန်းလုံးတွင်လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှား အသက်မွေးဝမ်းကျောင်းပြုနိုင်ရေးကို ဆောင်ရွက်သွားမည်။

လေးစားအပ်တဲ့သောတရှင်မိဘပြည်သူများခင်ဗျား -

ဆက်လက်ပြီးတော့ နိုင်ငံခြားရေးမူဝါဒကို တင်ပြမှာဖြစ်ပါတယ်။တစ်နိုင်ငံနဲ့တစ်နိုင်ငံ(အထူးသဖြင့်အိမ်နီးချင်းနိုင်ငံများနှင့်) အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့်   တစ်နိုင်ငံ၏ပြည်တွင်းရေးကို အခြားတစ်နိုင်ငံ ကဝင်ရောက်မစွက်ဖက်ရေးကို အခြေခံတဲ့ဘက်မလိုက် ပေါ်လစီကိုကျင့်သုံးမည်။

ပညာရေးကကို တင်ပြရမယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အရည်အသွေးမြင့်တဲ့ပညာရေးဟာ အဓိကပဲ။ လူတစ်ဦးချင်းရဲ့ပညာအရည်အသွေးတွေ မြှင့်တင်ပေးဖို့လိုပါတယ်။ ဒါကြောင့် Teacher Oriented System ကနေ Student Oriented System ကို ဖော်ဆောင်ကြိုးပမ်း အားထုတ်သွားပါမယ်။ အခြေခံပညာကို မသင်မနေရပြဋ္ဌာန်းသွားမယ်။ နိုင်ငံတော်ကြီးတည်ဆောက်ရေးအတွက် ခေတ်မီ ဘက်စုံပညာရေးထွန်းကား အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စီးပွားရေးကဏ္ဍကို တင်ပြရမယ်ဆိုရင် ပြိုင်ဆိုင်မှုရှိတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အားပေးသွားပါမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်ရာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ များစွာအရေး ပါပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ''လွတ်လပ်သော

အမျိုးသားစီးပွားရေး မူဝါဒ'' ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားပါမယ်။ အခြေခံမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ ဖက်စပ်ပိုင် (Joint Venture) တို့ကို ဆောင်ရွက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာအောင် စည်းရုံးသွားပါမယ်။ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွား ပါမယ်။ Health Insurance တစ်ခုရေးဆွဲပြဋ္ဌာန်းပြီး စွမ်းဆောင် အကောင်အထည်ဖော် သွားပါမယ်။

လယ်ယာကဏ္ဍကိုတင်ပြရရင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ တိုးတက်ပြောင်းလဲနိုင်ရန် ကူညီပံ့ပိုးသွားပါမယ်။ လယ်ယာထွက်ကုန်များ ရောင်းချနိုင်ရေးအတွက် ဈေးကွက်ဖန်တီးပေးပါမယ်။ လယ်ယာလုပ်ကိုင်နိုင်သူ လယ်လုပ်ပိုင်ခွင့် ရရှိစေရပါမယ်။

အလုပ်သမားထုတစ်ရပ်လုံးအတွက်လည်း Social Insurance System  တစ်ခုရေးဆွဲပြီး အလုပ်သမားထုတစ်ရပ်လုံး၏ အခြေခံအခွင့်အရေးများကို အပြည့်အဝခံစားနိုင်အောင် စွမ်းဆောင်အကောင် အထည် ဖော်သွားမည်။

ပြည်သူလူထုစားဝတ်နေရေးနဲ့ပတ်သက်ပြီး တင်ပြရရင် အခြေခံစားကုန်သောက်ကုန်တွေဈေးနှုန်းတည်ငြိမ်ရေးနဲ့ ပြည်တွင်းဖူလုံရေးကို အဓိကထားဆောင်ရွက်သွားပါမယ်။ တစ်ဖက်တစ်လမ်းမှ ပို့ကုန်မြှင့် တင်ရေးကို အခြေပြုတဲ့စီးပွားရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားပါမယ်။

နိုင်ငံဝန်ထမ်းအရေးနှင့်ပတ်သက်ပြီး ဝန်ထမ်းများ၏ လုပ်ခ/လစာကို ခေတ်ကာလနဲ့ လိုက်လျောညီထွေဖြစ်စေရေး၊ ဖူလုံရေးကို အဓိကထားပြီး သတ်မှတ်ဆောင်ရွက်ပေးပါမယ်။ ဒါ့အပြင် အငြိမ်းစား ဝန်ထမ်းများအတွက်လည်း မှီခိုမှုကင်းမဲ့ပြီး စားဝတ်နေရေးဖူလုံလောက်ငသော အငြိမ်းစားလစာများကို ချီးမြှင့်ပေးသွားပါမယ်။

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး တင်ပြရရင် လူမှုရေးတရားမျှတမှု၊စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှုရှိစေရပါမယ်။ အခြေခံဥပဒေ နဲ့အညီ လွတ်လပ်စွာ ရေးသားပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ စည်းရုံးပိုင်ခွင့်၊ ဘာသာတရားကို လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်၊ လွတ်လပ်သောဝမ်းစာရှာပိုင်ခွင့်နှင့် နိုင်ငံတော်အတွင်း လွတ်လပ်စွာ သွားလာနေထိုင်ပိုင်ခွင့်ရှိစေရပါမယ်။

မျိုးဆက်သစ်လူငယ်များအရေး နဲ့စပ်လျဉ်းပြီး ဆက်လက်တင်ပြရရင်လူငယ်များဟာ နောင်အနာဂတ်မှာ တိုင်းပြည်ရဲ့ သားကောင်းရတနာများ ဖြစ်ကြတဲ့ အားလျော်စွာနိုင်ငံ့ခေါင်းဆောင်များ၊ အသိပညာရှင် များ၊အတတ်ပညာရှင်များ၊ လုပ်သားကောင်းများဖြစ်အောင် ပြုစုပျိုး ထောင်သွားပါမယ်။ ဒါ့ကြောင့် လူငယ်များကို မိမိတတ်ကျွမ်းသည့် ပညာနဲ့အညီ ထူးချွန်မှုအလိုက် ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင် ခွင့်၊ ပညာသင်ကြားခွင့်ပေးရ ပါမယ်။ တစ်ဖက်မှာလည်း လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနဲ့ နိုင်ငံတကာရေးရာ များအပေါ် အမြင်ကျယ်ရေးကို ပြုစုပျိုးထောင်ပေးပါမယ်။

တပ်မတော်ကဏ္ဍကို တင်ပြရရင် တပ်မတော်သည် အစဉ်အလာကြီးမား ခဲ့သော မျိုးချစ်တပ်မတော်အဖြစ် ရပ်တည်လျက် အချုပ်အခြာတည်တံ့ ခိုင်မြဲရေး၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတပ်မတော် အဖြစ် ရပ်တည်ခွင့်ရရှိစေရပါမယ်။ စာပေယဉ်ကျေးမှုနှင့် လူမှုရေးကဏ္ဍကို ဆက်လက်တင်ပြမှာဖြစ်ပါတယ်-

ပြည်ထောင်စုဖွား လူမျိုးအားလုံး၏ စာပေ၊ ဘာသာစကား၊ ဓလေ့ထုံးတမ်း စဉ်လာ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရင်း တစ်ဖက်မှာလည်း ဖွံ့ဖြိုးမှုလုပ်ငန်းများကို အားပေးကူညီသွားမည်။

အလုပ်လက်မဲ့ ဖြစ်နေသူများအတွက် အလုပ်အကိုင်ရရှိစေရန် နိုင်ငံတော်ဘဏ္ဍာငွေထဲမှ လိုအပ်သလိုသုံးစွဲပြီး အလုပ်အကိုင်ဖန်တီးပေးခြင်း၊ မိဘမဲ့ကလေးများ အား ကူညီစောင့်ရှောက်ခြင်း၊ သက်ကြီးရွယ် အိုများအတွက် ဘိုးဘွား ရိပ်သာများ တည်ဆောက်ပေးခြင်းများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လမ်းပန်းဆက်သွယ်ရေးအပေါ် မူတည်သည့်အလျောက် တစ်နိုင်ငံလုံး လမ်းပန်းဆက်သွယ်ရေး လွယ်ကူ အောင် လိုအပ်သလို ဆောင်ရွက်သွားပါမည်။

ကျွန်တော်တို့ ''အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ'' ၏ ဆောင်ပုဒ်တွေကတော့ -

၁ - ပြည်ထောင်စုဖွား၊ ပြည်သူများဘာသာလူမျိုး၊ မခွဲခြားတန်းတူခွင့်ရေး၊ ရစေသား။

၂ - ပြည်သူများအတွက်လိုအပ်လာပြီ၊ ဒီမိုကရေစီညီနောင်များအတွက်ပေါ်ထွက်လာပြီ၊ NDPD

၃ - အမျိုးသားတိုင်း ဒီမိုကရေစီရရှိရေးသည် ...ပထမအမျိုးသားငြိမ်းချမ်းရေးသည် ...အဓိကအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးသည် ...ပဓာန

၄ - အမျိုးရေးရာ ဆောင်ရွက်ဖို့NDPD ဝင်ကြစို့။

၅ - မြန်ပြည်တစ်လွှား၊ ကျင်းပတော့မည်ပါတီစုံညီ၊ ဒီမိုကရေစီအမျိုးသားတို့ ရွေးချယ်သင့်ပြီမဲတစ်ပြားနှင့် NDPD တို့ဖြစ်ပါတယ်။

လေးစားအပ်တဲ့မိဘပြည်သူများခင်ဗျား-

နိဂုံးချုပ်တင်ပြရရင် ကျွန်တော်တို့ပါတီဟာ စာအုပ်ကလောင်တံဆိပ်ဖြင့်အရွေးခံမှာဖြစ်ပါတယ်။ လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ မှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးဟာ မိမိတို့ရဲ့

မဲတစ်ပြားနဲ့ မိမိတို့လိုလား တောင့်တနေတဲ့ ဒီမိုကရေစီစနစ်၊ မိမိတို့လိုချင်တဲ့ အခွင့်အရေး၊ မိမိတို့ ဆောင်ရွက်လိုတဲ့ အမျိုးသားရေးတို့ကို ဆောင်ရွက်ခွင့် ရမှာဖြစ်တဲ့အတွက် ဒီမဲတစ်ပြားကို တန်ဖိုးရှိရှိသုံးတတ်ဖို့ အရေးကြီးလာပါတယ်။ မိမိရဲ့ မဲတစ်ပြားတန်ဖိုးကို သိရှိနားလည်ပြီး လာရောက်

မဲထည့်ကြဖို့လည်း မှာကြားလိုပါတယ်။

ပြည်သူတို့အနေဖြင့် ဝေဖန်သုံးသပ်ပြီး လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲတန်းတူအခွင့်အရေးရအောင် ကြိုးပမ်းဆောင်ရွက်နေတဲ့၊ ဒီမိုကရေစီ လိုလားတဲ့ ကျွန်တော်တို့ပါတီ၏ ကိုယ်စားလှယ်လောင်းများကို အားပေးထောက်ခံပေးကြပါ။ မိမိတို့၏မဲတစ်ပြားနဲ့ ''စာအုပ်ကလောင်'' တံဆိပ် NDPD ကို အမှန်ခြစ် ရွေးချယ်သင့်ပြီ။ အမျိုးသားရေးဆောင်ရွက်ဖို့ ''စာအုပ်ကလောင်'' တံဆိပ်ကိုမဲထည့်ကြပါ စို့လို့ပြော ကြားရင်း နှုတ်ခွန်း ဆက်သလိုက်ပါတယ်။

သောတရှင်အပေါင်း- ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာတော်မူကြပါစေ။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ

 ၁။

 ပါတီအမည်

 -

 အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ

 ၂။

 ပါတီအမည်(English)

 -

 National Democratic Party for Development (NDPD)

 ၃။

 ပါတီတည်ထောင်ခွင့်လျှောက်ထားသည့်နေ့

 -

 ၂၆.၄.၂၀၁၀

 ၄။

 လာရောက်လျှောက်ထားစဉ်ပါတိအင်အား

 -

 ၂၁ ဦး

 ၅။

 ပါတီလျှောက်ထားစဉ်ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်

 -

 ဦးမောင်မောင်နီ၊ဦးတော်ယူဘေဒ္ဒိန်(ယခင်)၊ ဦးလှသိန်း(ယခု)

 ၆။

 ပါတီတည်ထောင်ခွင့်ပြုသည့်နေ့

 -

 ၄.၅.၂၀၁၀

 ၇။

 ပါတီမှတ်ပုံတင်လျှောက်ထားသည့်နေ့

 -

 ၂၇.၅.၂၀၁၀

 ၈။

 ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့

 -

 ၄.၆.၂၀၁၀

 ၉။

 ခွင့်ပြုသည့်ပါတီအမှတ်စဉ်

 -

 အမှတ်စဉ်(၃၁)

 ၁၀။

 ခွင့်ပြုသည့်ပါတီအလံ

 -

 

 

 ၁၁။

 

 ခွင့်ပြုသည့်ပါတီတံဆိပ်

 -

 

 ၁၂။

 ပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်စာရင်း

 -

 ဦးမောင်မောင်နီ၊ ဦးမောင်စိန်(တွင်း/မှုး-၃)

 ၁၃။

 ပါတီနယ်မြေ

 -

 ပြည်ထောင်စုတစ်ဝန်းလုံး

 ၁၄။

 ပါတီရုံးချုပ်တည်နေရာ

 -

 အမှတ်(၂၀၂/၂၀၆)၊ (၄လွှာ-ယာ)၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်ဘဲတမ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

 ၁၅။

 ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်

 -

 ၀၉-၅၁၃၂၁၂၆(ဦးမောင်မောင်နီ)၊ ၀၉-၅၀၁၃၆၈၃ (ဦးဝင်းထွန်းစိုး)၊ ၀၉-၇၃၀၄၁၆၃၄

 ၁၆။

 ပါတီ၏မှုဝါဒများ

 -

 PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly