ရွေးကောက်ပွဲ မဲဆွယ်သည့် အမတ်လောင်း အချို့ကို အာဏာပိုင်အချို့ နှောက်ယှက်

ရွေးကောက်ပွဲ မဲဆွယ်သည့် အမတ်လောင်း အချို့ကို အာဏာပိုင်အချို့ နှောက်ယှက်

ရန်ကုန် ၊စက်တင်ဘာ ၁၈။                 ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အချို့ မဲဆွယ် စည်းရုံးရာတွင် အာဏာပိုင်များ၏ နှောက်ယှက်မှုများ ကြုံတွေ့နေရကြောင်း နိုင်ငံရေးပါတီများ တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က ကရင်ပြည်နယ် လှိုင်းဘွဲ့သို့ သွားရောက်မဲဆွယ်သည့် ကိုယ်စားလှယ်လောင်းကို ဘားအံမြို့နယ်ရဲမှူးနှင့် သတင်းတပ်ဖွဲ့က လာရောက်တားဆီးကြောင်း၊ ခွင့်ပြုချက်မရှိ၍ လာရောက်တားဆီးခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

"ဘယ်လိုရှင်းပြရှင်းပြ မရဘူး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားပြီး လာရှင်းခိုင်းတော့မှ ပြန်တောင်းပန်တယ်။ ဒါရုံးခန်းထဲမှာ တောင်းပန်တာ လာတားတုန်းက မဲဆွယ်နေတဲ့ အချိန် လူတွေအများကြီး ရှိတဲ့အချိန်မှာ"ဟု ပြောသည်။

ယင်းကိစ္စမှာ အာဏာပိုင်များ၏ နှောက်ယှက်သည့် သဘောဖြစ်ကြောင်း၊ နိုင်ငံရေး စိတ်ဝင်စားသည့် ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲအတွက် မဲဆွယ်ရာတွင် ဒေသဆိုင်ရာရဲများ၊ ထောက်လှမ်းရေးများက လာရောက် တားဆီးသောကြောင့် သာမန်ပြည်သူများအတွက် များစွာပြဿနာ ရှိနိုင်ကြောင်းလည်း သူက ထောက်ပြ ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဒေါပုံမြို့နယ် ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ထူသည့် နေတွင်လည်း အရပ်ဝတ်ရဲတချို့က လာရောက်သည့် လူအများကြားလောက်အောင် စကားပြောစက်ဖြင့် လူအင်အားမည်မျှ လာကြည့်ကြောင်း၊ ပါတီဝင်မည်မျှ ပါရှိကြောင်းကို အထက်ကို တင်ပြသည့် ပုံစံဖြင့်ပြောဆိုနေသည့် အတွက် လာရောက်ဝိုင်းရံသူ ပြည်သူအချို့မှာ ပြန်သွားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါပုံမြို့နယ် ပါတီဝင်တစ်ဦးက ဆိုသည်။

"တိုက်ရိုက် လာတားတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် သူက ပတ်ဝန်းကျင် ကြားအောင် ပြောနေမှတော့ လူတွေကပြန်ကုန်ပြီပေါ့" ဆိုသည်။

အဆိုပါဖြစ်ရပ်မှာ ဒေါပုံမြို့နယ်၊ ဝက်စုကားမှတ်တိုင်ထိပ်တွင် စက်တင်ဘာလ ၁၇ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ မပြုမူရန် ပါတီဝင်များကပြောဆိုမှုကြောင့် စက်တင်ဘာလ ၁၈ရက်နေ့တွင် ပုံမှန်သတင်းယူသည့် ပုံစံသာတွေ့ရတော့ကြောင်းလည်း ဆိုသည်။

"ကိုယ်စားလှယ်လောင်းတွေ တရားဝင် ကန်ပိန်းလုပ်တာကို လာတားတယ် ဆိုတဲ့ ကိစ္စက တစ်စုံတရာ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေက တစ်စုံတစ်ရာ အကန့်အသတ် အနှောက်အယှက်လုပ်တဲ့ သဘောဖြစ်တယ်"ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးအောင်မိုးဇော်က သုံးသပ်ပြောဆိုသည်။

၂၀၁၅အထွေထွေရွေးကောက်ပွဲကို တစ်သီးပုဂ္ဂလ နှင့် ပါတီပေါင်း၉၂ပါတီမှကိုယ်စားလှယ်လောင်း ခြောက်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားသည့် မဲဆွယ်စည်းရုံးရေး ကာလမှာ စက်တင်ဘာ ၈ရက်မှ နိုဝင်ဘာ ၆ ရက်ထိ ရက်ပေါင်း ၆၀ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly