ဒီမိုကရေစီနိုင်ငံနှင့် မအပ်စပ်သည့် ဥပဒေများ ပြင်ဆင်ရန် ပြည်သူ့လွှတ်တော်သို့ အရွေးခံခြင်းဖြစ်ဟု ဒေါက်တာညိုညိုသင်းပြော

ဒီမိုကရေစီနိုင်ငံနှင့် မအပ်စပ်သည့် ဥပဒေများ ပြင်ဆင်ရန် ပြည်သူ့လွှတ်တော်သို့ အရွေးခံခြင်းဖြစ်ဟု ဒေါက်တာညိုညိုသင်းပြော

ရန်ကုန်၊ စက်တင်ဘာ ၁၇ ။ ။ တိုင်းဒေသကြီးလွှတ်တော် ငါးနှစ်သက်တမ်းအတွင်း သင်ခန်းစာများယူပြီး ဒီမိုကရေစီနိုင်ငံနှင့် မအပ်စပ်သည့် ဥပဒေများပြင်ဆင်ရန် ပြည်သူ့လွှတ်တော်အမတ်အဖြစ် အရွေးခံခြင်းဖြစ် သည်ဟု ဒေါက်တာညိုညိုသင်းက မဇ္ဈိမသို့ပြောသည်။

''အန်တီက ဥပဒေပညာရှင်ဆိုတော့ နိုင်ငံမှာအင်္ဂလိပ်ခေတ်ကတည်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေ လေးရာကျော် ငါးရာ ဒီနေ့ဒီမိုကရေစီနိုင်ငံတော်နဲ့ ဘယ်လိုမှ မအပ်စပ်တော့တဲ့၊ ခေတ်မမှီတော့တဲ့၊ ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေကို ပြည်သူ့လွှတ်တော်ထဲရောက်ရင်ပြင်ဆင်မယ်။'' ဟု ၎င်းကပြောကြားသည်။

ကုန်ခဲ့သည့် ငါးနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် အကျိုးများသည့် ဥပဒေများ၊ နည်းဥပဒေများနှင့် လက်တွေ့ကျသည့် အပြောင်းအလဲများ မလုပ်နိုင်ခဲ့ခြင်းကို သင်ခန်းစာ ယူ၍ လိုအပ်သည့် ဥပဒေများ ပြင်ဆင်ရေးစွဲရန် ပြည်သူလွှတ်တော်သို့ သွားလိုခြင်းဖြစ်သည် ဟုဆိုသည်။

ဥပဒေပညာရှင်လည်းဖြစ်သော ဒေါက်တာညိုညိုသင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ၏ အားနည်းချက်များ၊ အစိုးရ၏ အားနည်းချက်များကို ကောင်းကောင်းသိရှိသောကြောင့် ဒေသန္တရ အုပ်ချုပ်ရေး၊ တိုင်းနှင့်ပြည်နယ်အုပ်ချုပ်ရေးအတွက် ပြည်သူ့လွှတ်တော်တွင် လိုအပ်သည့် ဥပဒေများ တိုင်းပြည်အကျိုးပြုစေရန် ရေးစွဲနိုင်မည်ဟုပြောကြားသည်။

ဒေါက်တာညိုညိုသင်းသည် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်ဖြစ်ပြီး လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲချုပ်မှ ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းရာ အရွေးမခံရသဖြင့် တစ်သီးပုဂ္ဂလအနေနှင့် ဗဟန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်သို့ ဝင်ရောက်အရွေးခံမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly