ကျားဖြူ ပြည်သူ့လွှတ်တော်အမတ်နှစ်ဦး ပြည်နယ်လွှတ်တော်သို့ ပြောင်းလဲအရွေးခံမည်

ကျားဖြူ ပြည်သူ့လွှတ်တော်အမတ်နှစ်ဦး ပြည်နယ်လွှတ်တော်သို့ ပြောင်းလဲအရွေးခံမည်

ဇော်ခမ်းဟိန်း၊ စက်တင်ဘာ ၁၆။            ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) မှ လက်ရှိပြည်သူ့လွှတ်တော် အမတ်နှစ်ဦးသည် လာမည့်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် သို့ ပြောင်းလဲအရွေးခံမည်ဟု သိရသည်။

ကျားဖြူပါတီက လက်ရှိ ပြည်သူ့လွှတ်တော်အမတ်များဖြင့်သည့် ဦးစိုင်းလှကျော်နှင့် ဦးစိုင်းဖိုးအောင်တို့ နှစ်ဦး ပြည်နယ်လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းသွင်းထားသည်ဟု ဦးစိုင်းလှကျော်က မဇ္ဈိမသို့ပြောသည်။

''ကျွန်တော်ပြည်သူ့လွှတ်တော်ကနေ ပြည်နယ်လွှတ်တော်ဝင်ပြိုင်ရတာက တစ်ဦးချင်းရည်ရွယ်ချက်  မဟုတ်ဘူး။ ပါတီ ဗဟိုအလုပ်အမှုဆောင်အားလုံး ခွင့်ပြုချက်နဲ့လုပ်တာပါ။ ပါတီက အတွေ့အကြုံရှိတဲ့ သူတွေကိုခေါ်ပြီး ပြည်နယ်မှာ တာဝန်ပေးတာပေါ့။ ကျွန်တော်တို့ပါတီမှာ ပြည်သူ့လွှတ်တော်ကနေ ပြည်နယ်ဝင်ပြိုင်တာ ကျွန်တော်ရယ် ဦးစိုင်းဖိုးအောင်ရယ် နှစ်ဦးရှိပါတယ်။'' ဟု ၎င်းကပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ကျားခေါင်း) ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ် ကမူ ပြည်နယ်လွှတ်တော်၌ လုပ်ပိုင်ခွင့် ပိုရလာဖွယ်ရှိသဖြင့် ယင်းသို့ ပြောင်းလဲ အရွေးခံခြင်းဖြစ်နိုင်သည်ဟု ဝေဖန်ပြောဆိုသည်။ 

ဦးစိုင်းလိတ်က ''ပြည်သူ့လွှတ်တော်ကနေ ပြည်နယ်လွှတ်တော်ပြောင်းပြီး အရွေးခံသူရဲ့ နိုင်ငံရေး ရည်ရွယ်ချက် ဘယ်လိုရှိတယ်ဆိုတာတော့ မသိဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်တာတို့၊ မတရားတဲ့ ဥပဒေတွေ နည်းဥပဒေတွေ အမိန့်တွေကို ပယ်ဖျက်ဖို့ ဆွေးနွေးနိုင်တာက ပြည်ထောင်စုလွှတ်တော် ဘဲရှိတယ်။ ဒီလိုအခွင့်အရေးရှိတာကို ပြည်နယ် လွှတ်တော်ပြောင်းပြီး အရွေးခံတာ နားလည်ဖို့ ခက်တယ်။ ပြည်ထောင်စုအစိုးရက ဗဟိုချုပ်ကိုင်မှု လျှော့ချတဲ့အနေနဲ့ ပြည်နယ်ဝန်ကြီးတွေ လုပ်ပိုင်ခွင့် ပိုပေးမယ် ကြားတယ်။ ဒါကြောင့် ပြည်နယ်ဘက် ပြောင်းလာကြတယ်ထင်တယ်'' ဟု ပြောကြားသည်။

သို့သော် ကျားဖြူ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကမူ ပြည်သူ့လွှတ်တော်အမတ်များ ပြည်နယ် တွင်ဝင်ပြိုင်ခြင်းမှာ ၎င်းတို့ဆန္ဒအရ သက်ဆိုင်ရာ မြို့နယ်မှတင်လာသည့် စာရင်းအတိုင်း ဒီမိုကရေစီ နည်းဖြင့် ခွင့်ပြုပေးခဲ့သည်ဟု ပြောသည်။

လာမည့်ရွေးကောက်ပွဲ၌ တိုင်းဒေသကြီးလွှတ်တော်မှ ပြည်သူ့လွှတ်တော်သို့ ပြောင်းလဲအရွေးခံမည့် ဒေါ်ညိုညိုသင်းကမူ လွှတ်တော်များတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲအရွေးခံကြခြင်းသည် ရွယ်ရွယ်ချက်အမျိုးမျိုးကွဲပြားနိုင်သည်ဟု ထောက်ပြပြောဆိုသည်။

''ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးပြောင်းတာ ရည်ရွယ်ချက်ရှိတယ်။ ဒေါက်တာအေးမောင်ဆိုရင် အမျိုးသားလွှတ်တော် ကနေ ပြည်နယ်လွှတ်တော်ပြောင်းတယ်။ သူ့ပါတီအနိုင်ရရင် သူ့ပြည်နယ်မှာ ဝန်ကြီးချုပ်လုပ်လို့ရတယ်။ ပြည်နယ်အကျိုး အများကြီး ထိထိရောက်ရောက် ဆောင်ရွက်လို့ရတယ်။ ဒီလိုရည်ရွယ်ချက်နဲ့ပြောင်းတာ။ အဲန်အယ်ဒီက ဒေါ်စန္ဒာမင်းကို နေပြည်တော်ကနေ ရန်ကုန်ပြန် ထားတယ်ဆိုတာ အနည်းဆုံး ဝန်ကြီးအဆင့်ထားဖို့။ အတွေ့အကြုံ ရှိပြီးသားလူတွေ တိုင်းနဲ့ ပြည်နယ် ပြောင်းတယ်ဆိုတာ ဒီရည်ရွယ်ချက်ပေါ့။'' ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly