ဒုတိယအကြိမ် ကြေငြာသည့် မဲစာရင်း ရခိုင်တွင် လာရောက်ကြည့်မှုနည်းပါး

ဒုတိယအကြိမ် ကြေငြာသည့် မဲစာရင်း ရခိုင်တွင် လာရောက်ကြည့်မှုနည်းပါး

စစ်တွေ၊ စက်တင်ဘာ ၁၇ ။           ။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်တင်ဘာလ ၁၄ ရက်ကစပြီး ကြေညာသော မဲစာရင်းကို နာမည်ပါမပါနှင့် အမှားအယွင်းရှိမရှိ ပြင်ဆင်ရန် လာရောက်ကြည့်ရှုသည့် မဲဆန္ဒရှင်များ ရခိုင်ပြည်နယ်တွင် နည်းပါနေကြောင်း သိရသည်။

စစ်တွေအခြေစိုက် ဝံလက်ဖောင်ဒေးရှင်းကလည်း ယခုကြေညာသော မဲစာရင်းကို ကိုယ့်နာမည်ပါမပါ သွားရောက်ကြည့်ရှုကြရန် နှိုးဆော်စာ လက်ကမ်းစာစောင်များကို လ္ဘက်ရည်ဆိုင်နှင့် လူစည်ကားသော နေရာများတွင် လိုက်လံဖြန့်ဝေပေးနေသည်ဟု အဆိုပါ ဖောင်ဒေးရှင်း၏ ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံက ပြောကြားသည်။

"ကျနော်တို့မှာက မဲစာရင်းကို သွားကြည့်ဖို့ အရမ်းအားနည်းကြပါတယ်။ စိတ်မဝင်စားကြဘူး။ စားဝတ်နေရေးနဲ့ ရုန်းကန်နေရတာကို တွေ့ရပါတယ်။ သွားပြီးကြည့်ရှုကြတာကို မတွေ့ရဘူး။ ဒီဟာက ဘာကိုပြလဲဆိုတော့ အစိုးရအပေါ်မှာ အယုံအကြည် မရှိဘူးဆိုတာကို ပြနေတယ်"ဟု ၎င်းက ပြောသည်။

ဦးခိုင်ကောင်းစံက ဆက်လက်၍ "အစိုးရက ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို မကြည့်ဘဲ သူတို့လမ်းနဲ့သူတို့ လျောက်နေကြတာကြောင့်ပါ။ ငါတို့ပေးပေး မပေးပေး ဘာမှ မထူးဘူး။ ဒီအစိုးရကပဲ ဆက်ပြီး အုပ်ချုပ်သွားလိမ့်မယ်ဆိုတဲ့ အတွေးတွေနဲ့ပါ။" ဟု သူ၏ အမြင်ကို ပြောသည်။

မဲဆန္ဒရှင်များ အမည်စာရင်းကို ပြန်လည်ကြည်ရှုနိုင်ရန်နှင့် အမှားပြင်ဆင်နိုင်ရန်အတွက် စက်တင်ဘာလ ၁၄ ရက်မှ ၂၇ ရက်အထိ နှစ်ပတ်ကြာ ကြေညာပေးမည်ဖြစ်သည်။ ရခိုင်တိုင်းရင်းသားများ အနေဖြင့် သွားရောက်ကြည့်ရှု စိစစ်ကြရန်လည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးသူရိန်ထွဋ်က တိုက်တွန်းထားသည်။

“ဒီမဲစာရင်းက ရွေးကောက်ပွဲမှာ သုံးဖို့ဖြစ်တဲ့အတွက် မဲစာရင်းမှာမပါရင် မဲပေးခွင့် ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့်မို့ မဆုံးရှုံးရအောင် သွားကြည့်ကြပါ။ ပါပြီလား၊ မပါသေးဘူးလား၊ အခြေခံ မဲစာရင်းတုန်း ကတော့ပါတယ်။ အခုကျမပါဘူး ဖြစ်တတ်လွန်းလို့နော်။ အရင်တစ်ခေါက် ကြည့်ပြီးသွားလည်း အခုချိန်သွားကြည့် သင့်တယ်။ မပါရင်လျှောက်၊ မှားရင်ပြင် ပါတယ်ဆိုရင် စိတ်ချရပြီပေါ့။ ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိစာရင်းအရ မဲပေးနိုင်သူဦးရေမှာ ၁၁ သိန်း နှင့် ၇ သောင်းကျော်ရှိပြီး မဲပေးနိုင်သူစာရင်းကို ထုပ်ပြန်ခြင်းမှာလည်း နောက်ဆုံးအကြိမ်ဖြစ်ပြီး ရွေးကြောက်ပွဲပြုလုပ်သည့်နေ့မှသာ မဲဆန္ဒရှင်စာရင်းကို ၄ စုံထုတ်ပြီး မဲရုံတွင်တစ်စုံ  မဲစာရင်းစစ်ဆေးသူ လက်ထဲတွင်တစ်စုံ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်တွင် တစ်စုံနှင့် ရပ်/ကျေးတွင်တစ်စုံ စုစုပေါင် ၄ စုံသာ ထုတ်သွားမည်ဖြစ်ကြောင်း ဦးသူရိန်ထွဋ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly