ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ဆိုင်းဘုတ်နှင့် အလံ ဖျက်ဆီးခံရ နိုင်ငံတော်အလံ ပျောက်ဆုံးနေ

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ဆိုင်းဘုတ်နှင့် အလံ ဖျက်ဆီးခံရ နိုင်ငံတော်အလံ ပျောက်ဆုံးနေ
UDP ပါတီ အလံကို တွေ့ရစဉ်

ရန်ကုန်၊ စက်တင်ဘာ ၁၆။ ။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ လှိုင်သာယာရှိ အောင်နိုင်ရေးရုံးရှေ့တွင် စိုက်ထူထားသော ဆိုင်းဘုတ်နှင့်အလံ ဖျက်ဆီးခံရပြီး နိုင်ငံတော်အလံ ပျောက်ဆုံးခဲ့သည်ဟု ပါတီ၏ လှိုင်သာယာမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် အမတ်လောင်း ဒေါ်ခိုင်ဝင်းမြင့်က မဇ္ဈိမသို့ ပြောသည်။

''မနေ့ည (စက်တင်ဘာ ၁၅) က ဖြစ်သွားတာ၊ ဒီမနက်မှ သိရတယ်။ ပါတီအလံစုတ်ပြဲပြီး အလံတိုင် ကျိုးသွားပါတယ်။ ဆိုင်းဘုတ်ကတော့ ရွဲ့စောင်းသွားပြီး ပေ ၂၀ အကွာမှာ ရောက်နေတယ်။ ဖျက်စီးခံရတယ်လို့ ပြောလို့ရပါတယ်။ နိုင်ငံတော်အလံ ပျောက်ဆုံးနေတယ်'' ဟု ဆိုသည်။

အောင်နိုင်ရေး ရုံးခန်း မြေပိုင်ရှင် ပါတီဗဟို အလုပ်အမှုဆောင် ဦးနေလင်းထက်က လှိုင်သာယာ သောင်ကြီး ရဲစခန်းသို့ ပါတီဆိုင်းဘုတ်နှင့် အလံဖျက်စီးမှု၊ နိုင်ငံတော်အလံ ဖျောက်ဖျက်မှုတို့ဖြင့် ပါတီအနေနှင့် တိုင်ထားသည်ဟုပြောသည်။

ဦးနေလင်းထက်က ''ကျွန်တော်ကိုယ်တိုင် သောင်ကြီး ရဲစခန်းကို သွားတိုင်ပါတယ်။ ရဲကတော့ သူတို့ လုပ်ထုံး လုပ်နည်းအတိုင်း ဆက်လုပ်မှာပေါ့။ ကျွန်တော်တို့က ဆိုင်းဘုတ်ကို ဖျက်စီးတယ်။ နိုင်ငံတော်အလံကို ဖျောက်ဖျက်တယ် ဆိုတဲ့အမှု နဲ့ စွဲထားတယ်။ ရဲတွေလည်း လာစစ်ဆေး ပြီးသွားပြီ။ ပုဒ်မကတော့ မသိသေးဘူး။'' ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လှိုင်သာယာ သောင်ကြီးနယ်မြေ ရဲစခန်းအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ''လောလောဆယ် တိုင်တဲ့အဆင့်တော့ မရောက်သေးဘူး။ အသိလာပေးတဲ့ သဘောပါ'' ဟု တာဝန်မှူးတစ်ဦးက ပြန်လည်ဖြေကြားသည်။

ဖျက်စီးခံရသည့် UDP ပါတီရုံးခန်း နေရာသို့ လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဒုတိယ ဦးစီးမှူး ဦးဝင့်ဖြိုးလှိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ လာရောက် စစ်ဆေးပြီးနောက် ခရိုင်အဆင့်ထိ တင်ပြပေးမည်ဟု ပြောဆိုသွားကြကြောင်း သိရသည်။

UDP ပါတီ ၏ ရန်ကုန်တိုင်းတာဝန်ခံ ဦးမြင့်ဆွေ (ဗိုလ်ကြီး-ငြိမ်း) နှင့် သောင်ကြီး ရဲစခန်းမှူးလည်း လာရောက်ကြည့်ရှု မေးမြန်းသည်ဟု ဒေါ်ခိုင်ဝင်းမြင့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags