ဘာသာရေး ခုတုံးလုပ် ပဋိပက္ခများ မဖြစ်ပေါ်ရေး နိုင်ငံခြားသံရုံး ၉ ခု တိုက်တွန်း

ဘာသာရေး ခုတုံးလုပ် ပဋိပက္ခများ မဖြစ်ပေါ်ရေး နိုင်ငံခြားသံရုံး ၉ ခု တိုက်တွန်း

စက်တင်ဘာ ၁၅ ရက်။ ။ လာမည့်ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလအတွင်း ဘာသာရေးအား ခုတုံးလုပ်အသုံးချပြီး သွေးခွဲခြင်းနှင့် ပဋိပက္ခများ ဖန်တီးဖြစ်ပေါ်လာမည်ကို စိုးရိမ်သည်ဟု မြန်မာ့ပြောင်းလဲမှုဖြစ်စဉ်များတွင် ပါဝင်ကူညီပေးနေကြသည့် နိုင်ငံကိုယ်စားပြု နိုင်ငံခြားသံရုံး ၉ ခုက ပူးတွဲထုတ်ပြန်လိုက်သည်။

သြစထြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေး၊ ဂျပန်၊ ဆွီဒင်၊ ဗြိတိသျှနှင့် အမေရိကန်သံရုံးများက စက်တင်ဘာ ၁၅ တွင် ပူးတွဲထုတ်ပြန်လိုက်ကြခြင်းဖြစ်သည်။

နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲများ၏ အရည်အသွေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ပြောင်းရေးဖြစ်စဉ် အတွက် အလွန်အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် လူ့အခွင့်အရေးကိုလေးစားမှုအပေါ် အခြေခံသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာစေရေးကို အားပေးကူညီနေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

"မိမိတို့သည် ဒီမိုကရေစီကျင့်သုံးနေသည့် နိုင်ငံများဖြစ်သည့် အားလျော်စွာ ရွေးကောက်ပွဲကာလ နိုင်ငံရေးအခြေအနေ တစ်ရပ်တွင် စိတ်လှုပ်ရှားဖွယ် ခံစားမှုများ ဖြစ်ပေါ်မည်ကို နားလည်ပါသည်။" ဟု ထုတ်ပြန်ချက်ကဆိုသည်။

သို့သော် မြန်မာနိုင်ငံတွင် သွေးကွဲမှုနှင့် အရပ်ဖက် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့် သာဓကများရှိသဖြင့် သည်းခံစိတ်၊ အပြန်အလှန်လေးစားခြင်း၊ မျှတသည့်တရားဥပဒေဖြစ်ပေါ်ရေးတို့အတွက် ဝိုင်းဝန်းနှိုးဆော်ပေးကြရန်ကိုလည်း အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပြည်သူပြည်သားများအား တိုက်တွန်း တောင်းဆိုထားသည်။

၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများကို ပံ့ပိုးကူညီရန် နိုင်ငံတကာက အခိုင်အမာ ဆုံးဖြတ်ထားပြီး ၂၀၁၆ ခု အစိုးရအသစ်တစ်ရပ် ထူထောင်သည့်ကာလ ဖြစ်စဉ်ကိုလည်း အနီးကပ်စောင့်ကြည့်သွားမည်ဟု သံရုံး ၉ ခုက ပူးတွဲထုတ်ပြန်လိုက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly