မြောက်ဦးမြို့နယ်တွင် ANP အမတ်လောင်းများ ၅ ရက်ကြာ စည်းရုံးရေးဆင်း

မြောက်ဦးမြို့နယ်တွင် ANP အမတ်လောင်းများ ၅ ရက်ကြာ စည်းရုံးရေးဆင်း
ရခိုင်အမျိုးသားပါတီ (ANP) အမတ်လောင်းများ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် စည်းရုံးရေး ဆင်းနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္စျိမ/ DMG)

မြောက်ဦး၊ စက်တင်ဘာ ၁၅ ရက်။        ။ ရခိုင်အမျိုးသားပါတီ (ANP) အမတ်လောင်းများသည် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရှိ ကျေးရွာ ၁၀ ရွာသို့ ပထမဆုံးအကြိမ်အဖြစ် ၅ ရက်တာ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေး ဆင်းနေပြီဖြစ်သည်။

စက်တင်ဘာလ ၁၁ ရက်နေ့က ၁၅ ရက်နေ့ထိ တောင်ဦး၊ ကျောက်ကျက်၊ ထိပ်ဝပြင်၊ ပေါက်ပင်ကွင်း၊ ကျီရာပြင်၊ ပညာသည်၊ ခွဆုံ၊ ဘုရွက်မညိုးနဲ့ အောက်သားကန် စသည့် ကျေးရွာများ၌ အောင်နိုင်ရေးတရားကို ဟောပြောခဲ့ကြောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ ANP ၏ အတွင်းရေးမှူး ဦးထွန်းနေဝင်းက ပြောကြားသည်။

"ရခိုင်အမျိုးသားပါတီဟာ သမိုင်းဝင် ပါတီနှစ်ရပ်ဖြစ်တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကို ပေါင်းထားတဲ့ ရခိုင်လူမျိုး တစ်ခုလုံးကို ကိုယ်စားပြုတဲ့အတွက်နဲ့ ရခိုင်အမျိုးသား အကျိုးစီးပွားတိုးတက်ဖို့၊ နိုင်ငံရေး အာဏာကို ရယူနိုင်ဖို့၊ လွှတ်တော်တွင်း ရခိုင် တစ်မျိုးသားလုံးရဲ့ အခွင့်အရေးတွေကို တောင်းဆိုနိုင်ဖို့ ရွေးကောက်ပွဲမှာ မဟာဗျူဟာမြောက် အောင်နိုင်ရေးသည် ရခိုင်အမျိုးသား ပါတီရဲ့ အောင်နိုင်ရေးဖြစ်တယ်။ ဒါ့ကြောင့် ရခိုင်အမျိုးသားပါတီ အောင်နိုင်ရေးကို ရခိုင်တမျိုးသားလုံးက ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်" ဟု ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ အခြားကျန်ရှိသော ကျေးရွာများသို့လည်း သွားရောက် စည်းရုံးမည်ဟု ဦးထွန်းနေဝင်းက ပြောကြားခဲ့သည်။

မြောက်ဦး ခရိုင်တွင် ပါတီစုံမှ အမတ်လောင်း စုစုပေါင်း ၉၀ ဦး စာရင်း တင်ထားသော်လည်း အမျိုးသားလွှတ်တော်အတွက် အမတ်လောင်းနှစ်ဦးမှာ ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်အသက် မပြည့်သောကြောင့် ပယ်ချလိုက်ကြောင်း ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

"လွှတ်တော်သုံးရပ် တင်ထားတာကတော့ ၉၀ ပါ။ ဒါပေမယ့် အမျိုးသား လွှတ်တော်က အသက်မပြည့်လို့ နှစ်ယောက်ပယ် ထားပါတယ်။ ဆိုတော့ ၈၈ ယောက်ပေါ့။ ပြည်သူ့လွှတ်တော်က ၂၂ ယောက်ပါ။ အမျိုးသား လွှတ်တော်က ၁၈ ယောက်။ ပြည်နယ် လွှတ်တော်က ၄၈ ပါ" ဟု ၎င်းကပြောသည်။

ကျောက်တော်မြို့နယ်မှ အမျိုးသားလွှတ်တော်သို့ ဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးကျော်နိုင်စိုးနှင့် မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီမှ ဦးဇူလှိုင်မိုးတို့ အပယ်ခံရခြင်းဖြစ်သည်။ 

မြောက်ဦးခရိုင်တွင် ရခိုင်အမျိုးသားပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မြို အမျိုးသား ဒီမိုကရေစီပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်မျိုးချစ်ပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ၊ ချင်း ဒီမိုကရေစီအဖွဲ့ချုပ်၊ တောင်သူလယ်သမား ဖွံ့ဖြိုးရေးပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီတို့ ဝင်ပြိုင်ကြမည်ဖြစ်ပြီး စုစုပေါင်း ၁၂ ပါတီရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly