အာဏာရှင်တစ်ဦး၏ အမှားကို ကုစားရန် နည်းမရှိဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပြော

အာဏာရှင်တစ်ဦး၏ အမှားကို ကုစားရန် နည်းမရှိဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပြော
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်မြင်က "အာဏာရှင် စနစ်တွင် အာဏာရှင် တစ်ဦး၏ အမှားကို ကုစားရန် နည်းလမ်းမရှိ၊ လူသည် မှားတတ်သော သတ္တဝါဖြစ်သည်" ဟုဆိုသည်။ (ဓာတ်ပုံ - မဇ္စျိမ)

ရန်ကုန်၊ စက်တင်ဘာ၊ ၁၅။ ။အာဏာရှင် စနစ်နှင့် ဒီမိုကရေစီစနစ် နှစ်မျိုး၏ ကွာခြားပုံကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဦးခင်အောင်မြင့်က ထုတ်ဖေါ်ပြောဆိုလိုက်ပြီး အာဏာရှင်စနစ်တွင် အာဏာရှင် တစ်ဦး၏ အမှားကို ကုစားရန် နည်းမရှိဟုဆိုကာ ဒီမိုကရေစီစနစ်တွင်မူ ထိုသို့မဟုတ်ကြောင်း ဗိုလ်ချုပ်ဟောင်း တစ်ဦးလည်းဖြစ်သည့် ဦးခင်အောင်မြင့်က ဆိုသည်။

စက်တင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်၊ သဘင်ဆောင်တွင်ပြုလုပ်ရာ ထိုအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

"အာဏာရှင် စနစ်တွင် အာဏာရှင် တစ်ဦး၏ အမှားကို ကုစားရန် နည်းလမ်းမရှိ၊ လူသည် မှားတတ်သော သတ္တဝါဖြစ်သည်။ အမှားကို ကုစားနိုင်ခြင်း မရှိက လူထုနာမည်။ ဒီမိုကရေစီ စနစ်တွင် အမှားကို ကုစားရန် နည်းလမ်းရှိသည် ကနဦး ကတည်းက မမှားရအောင်လည်း အများက စုပေါင်း ဆုံးဖြတ်သည်။ မှားသွားပါကလည်း အများဆန္ဒဖြင့် အမှားပြင်နိုင်သည်" ဟု ဦးခင်အောင်မြင့်၏ သဝဏ်လွှာတွင် ဖေါ်ပြသည်။

ထို့အပြင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၏ ပြည်သူများသည် ဒီမိုကရေစီအရေးထက် ဝမ်းရေးခက်နေကြသည်ဟု သူယူကြောင်းလည်း ဆိုသည်။ "ဒီမိုကရေစီရေးထက် ဝမ်းရေးကိုသာ အာရုံရောက်မည်မှာ သဘာဝ ကျပါသည်။ ဝမ်းစာရေး တည်းဟူသော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ဒီမိုကရေစီ စနစ်တည်းဟူသော အမှတ်အသား နှစ်ခုအကြားတွင် တိကျသေချာသော ညီမျှခြင်း အဖြေမရှိသောကြောင့်လည်း စိတ်ဝင်စားမှု မရှိခြင်း ဖြစ်ပါသည်" ဟု ဆိုသည်။

ဒီမိုကရေစီရသည်နှင့် စီးပွားရေးနှင့် လူမှုရေး ပြဿနာများ ဖြေရှင်းသွားလိမ့်မည်ဟု ဒီမိုကရေစီ စနစ်က အာမခံထားခြင်းမရှိကြောင်းလည်း သူကဆိုသည်။ "ဒီမိုကရေစီ စနစ်သည် အပြောကျယ်လှသည်။ နိုင်ငံရေး သမားများက ဒီမိုကရေစီ တံဆိပ်ကို ဆင်မြန်းပြီး ဒီမိုကရေစီ ဝေါဟာရကို အာတွေ့နေသော်လည်း ကမ္ဘာ့ပညာရှင် အများစုကမူ ဒီမိုကရေစီ စနစ်အပေါ် သုတေသန ပြုမဆုံး ဆွေးနွေးမဆုံး ဖြစ်နေဆဲပင်" ဟုလည်း ဦးခင်အောင်မြင့်၏ သဝဏ်လွှာတွင် ပါရှိသည်။

ဒီမိုကရေစီ စနစ်အတွက် အဖျက်မျိုးစေ့ဟု သုံးနှုန်းကာ "ထိုမျိုးစေ့မှာ အစွန်းရောက်မှုပင်ဖြစ်သည် ထိုအဖျက်မျိုးစေ့ကို ထိန်းနိုင်လျှင် ဒီမိုကရေစီ တည်ဆောက်ရေး လမ်းကြောင်းတွင် ဖြေလျော့ရေးမှ ကူးပြောင်းရေး ထိုမှတစ်ဆင့် ဒီမိုကရေစီ ခိုင်မာရေးသို့ တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်စွာ တက်လှမ်းနိုင်မည် ဖြစ်ပေသည်။" ဟု ဦးခင်အောင်မြင့်က ဆိုသည်။ ဒီမိုကရေစီ စနစ်အတွက် အတွေ့အကြုံနှင့် အသိပညာပြည့်ဝသည့် မျိုးဆက်သစ်များ ပြုစုပျိုးထောင်နိုင်ရန်နှင့် ဒီမိုကရေစီအရေးအတွက် ပြည်သူအားလုံး အာရုံထားကြရန်လည်း တိုက်တွန်းခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly