သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ အစ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ပြိုင်မည်

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ အစ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ပြိုင်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၄။            ။ ထောင်ဒဏ် ၁၃ နှစ် ချခံထားရသည့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ အစ်ကိုရင်း ဖြစ်သူ ဦးဆန်းမြင့်သည် လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ကို မဇ္ဈိမက ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းတွင် တွေ့ရှိရသည်။

ဧရာဝတီတိုင်း မဲဆ္ဒနယ်အမှတ် (၃) တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု အမျိုးသားလွှတ်တော် အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဦးဆန်းမြင့်စာရင်း ပေးထားခြင်းဖြစ်သည်။

ဦးဆန်းမြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် အမှတ် (၃) တွင် ပါတီ ခြောက်ခု ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်း ပေးထားသည်ကို တွေ့ရှိရသည်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီကိုယ်စားပြုကာ အမတ်လောင်း ဦးဝင်းထိန်က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ တောင်သူလယ်သမား၊ အလုပ်သမား ပြည်သူ့ပါတီ ကိုယ်စားပြု အမတ်လောင်း ဒေါ်န့သန်းမြင့်ကြည်က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမတ်လောင်းမှာမူ ဦးမြင့်သိန်းဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၏ အမတ်လောင်း ဦးမောင်ညို၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ အမတ်လောင်း ဒေါ်ခင်ချိုမွန်တို့သည် ဧရာဝတီတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဆန်းမြင့်၏ ညီဖြစ်သူ ဦးဆန်းဆင့်မှာ လက်ရှိတွင် ရမည်းသင်းထောင်တွင် အကျဉ်းချခံထားရသူဖြစ်သည်။ သူသည် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ယုံကြည် အပ်နှံဖေါက်ဖျက်မှုများဖြင့် တရားစွဲဆို ခံခဲ့ရခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်သူ ဦးဆန်းဆင့်သည် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly