နေပြည်တော် စက်တင်ဘာလ ၁၀ ။ ။ ကယန်းအမျိုးသားပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှုး ဦးနန်းရီက၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူများခင်ဗျား-
ကျွန်တော်ဟာ ကယန်းအမျိုးသားပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှုး ဦးနန်းရီဖြစ်ပါတယ်။ ကယန်းတိုင်းရင်းသားလူမျိုး အကြောင်းအရာနှင့် ကယန်းအမျိုးသားပါတီရဲ့ ရည်ရွယ်ချက်များ၊ မူဝါဒ လုပ်ငန်းစဉ်များ အကျဉ်းတို့ကို ဟောပြောတင်ပြသွားပါမယ်။
ကယန်းတိုင်းရင်းသားလူမျိုးအကြောင်းအရာအကျဉ်းမှာ
ကယန်းတိုင်းရင်းသားလူမျိုးဟာ ရှေးပဝေသဏီကပင် ကယားပြည်နယ်(အနောက်/မြောက်ခြမ်း) ရှမ်းပြည်နယ် တောင်ကြီး (ဖယ်ခုံမြို့နယ်နှင့်ပင်လောင်းမြို့နယ်နေပြည်တော်ကောင်စီနယ်မြေ(လယ်ဝေးနှင့် ပျဉ်းမနားနယ်)၊ကရင်ပြည်နယ်(သံတောင်မြို့နယ်မြောက်ပိုင်း)တို့တွင်တစ်စုတစည်းတည်း၊ တစ်ဆက်တည်း နေထိုင်ကြပါတယ.်။ ကယန်းတိုင်းရင်းသားလူမျိုး လူဦးရေ သုံးသိန်းကျော်ရှိပါတယ်။
ကယန်းတိုင်းရင်းသားလူမျိုးဟာ အခြားတိုင်းရင်းသားလူမျိုးများဖြစ်ကြတဲ့(ကယား၊ မနူ၊ ကယော၊ ယင်းတလဲ၊ ဂေဘား)တို့နဲ့ ညီအစ်ကိုအရင်းအချာများဖြစ်ကြပါတယ်။ တစ်ခုတည်းသောစကား၊ စာပေနှင့် ယဉ်ကျေးမှုရှိပါတယ်။ နယ်ချဲ့အင်္ဂူလိပ်ရဲ့လက်ချက်ကြောင့် ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ကရင်ပြည်နယ်တို့၌ သံပရာသီး လေးခြမ်းခွဲသကဲ့သို့ အခွဲခံခဲ့ရပါတယ်။
ကယန်းတိုင်းရင်းသားလူမျိုးဟာ နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ကို အခြားညီအစ် တိုင်းရင်းသားများနဲ့လက်တွဲပြီး အကြီးအကျယ်တိုက်ထုတ်ခဲ့ပါတယ်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် လည်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ခေတ်အဆက်ဆက်အစိုးရနှင့် ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက် လာခဲ့သည် လည်းသမိုင်းတွင် အထင်အရှားတွေ့ ရှိရပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
ကယန်းတိုင်းရင်းသားလူမျိုးများဟာနိုင်ငံတော်နှင့်ပြည်သူအတွက်အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် အခါအခွင့် ရှိတိုင်းနိုင်ငံရေးပါတီကို တည်ထောင်လာခဲ့ပါတယ်။
- ၁၉၉၀ ပြည့်နှစ်မှာကယန်းအမျိုးသားစည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ ဝင်ခဲ့ရာလွှတ်တော်ကိုယ်စားလှယနှစ်ဦး အနိုင်ရရှိခဲ့ပါသည်။
- ၂၀၁၀ ပြည့်နှစ်မှာ ကယန်းအမျိုးသားပါတီတည်ထောင်ခဲ့ပြီး ၂၀၁၀ရွေးကောက်ပွဲဝင်ခဲ့ရာနှစ်ဦးအနိုင်ရရှိခဲ့ပါတယ်။
- ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် သုံးဦး၊ အမျိုးသားလွှတ်တော်နှစ်ဦး၊ ပြည်နယ်လွှတ်တော် ခုနစ်ဦး၊ တိုင်းရင်းသားရေးရာတစ်ဦး၊ စုစုပေါင်း ၁၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
ကယန်းအမျိုးးသားပါတီရဲ့ ရည်ရွယ်ချက်များကို တင်ပြပါမယ်။
ရည်ရွယ်ချက်တို့မှာ-
( ၁ ) မြန်မာ့နိုင်ငံရေးမှာ တစ်ထောင့်တစ်နေရာ၊ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်တာဝန်ထမ်းရွက်နိုင်
( ၂ ) ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေး။
( ၃ ) စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး။
( ၄ ) တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး။
( ၅ ) ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး။
( ၆ ) ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး။
( ၇ ) အချုပ်အခြာအာဏာကို တိုင်းရင်းသားပြည်သူလက်ဝယ်မှာ ထားရှိရေး။
( ၈ ) အာဏာရှင်အစိုးနဲ့ အာဏာရှင်စနစ်များ ချုပ်ငြိမ်းရေး။
( ၉ ကယန်းတိုင်းရင်းသားလူမျိုးများကို သင့်တော်တဲ့ ဒေသတစ်ခုခုမှာ တစုတစည်းတည်း ပေါင်းစည်းခွင့်ရရှိရေး။
(၁၀) ကယန်းဒေသဖွံ့ဖြိုးတိုးတက်ရေး။
(၁၁) ကယန်းစကား၊ စာပေနှင့် ယဉ်ကျေးမှုုဓလေ့ထုံးတမ်းများတို့ကို ဖော်ထုတ်ထိန်းသိမ်းရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်မှာဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
ကယန်းအမျိုးသားပါတီရဲ့ နိုင်ငံရေးမှုဝါဒလုပ်ငန်းစဉ်များကို တင်ပြပါမယ်။
နိုင်ငံရေးမူဝါဒလုပ်ငန်းစဉ်များတို့မှာ-
( ၁ ) ဘက်မလိုက်နိုင်ငံရေးမူဝါဒကို ကျင့်သုံးပြီးငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု မူငါးချက်ကို ကျင့်သုံးသွားမယ်။
( ၂ ) ပြည်ထောင်စုကို အမျိုးသားပြည်နယ်နဲ့ တည်ဆောက်မယ်။
( ၃ ) ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရများ အာဏာခွဲဝေမှုရှိရပါမယ်။
( ၄ ) လွတ်လပ်တဲ့တရားစီရင်ရေး ထားရှိမယ်။
( ၅ ) ကာကွယ်ရေးနဲ့ လုံခြုံရေးဟာ သမ္မတအောက်မှာထားရှိမယ်။
( ၆ ) ဥပဒေအပေါ်မှာ မည်သူမျှမရှိရဘူး။
( ၇ ) ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲဝိုင်းမှာ ဖြေရှင်းမယ်။
( ၈ ) ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်းအားဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးကို ဆောင်ရွက်မယ်။
( ၉ ) ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမယ်။
(၁၀ ) ကျန်းမာရေးကဏ္ဍမှာ စေတနာ၊ ကရုဏာရှေ့တန်းတင်ပြီး သက်သာချောင်ချိစွာ ကုသနိုင်ရေးကြိုးပမ်းမယ်။
(၁၁ ) လူမှုရေး၊ ယဉ်ကျေးမှု၊ စာရိတ္တများကောင်းမွန်စေပြီး တတ်သိပညာ ဖွံ့ဖြိုးတိုးတက်စေနိုင်သော ပညာရေးစနစ်ကို မြှင့်တင်ပေးမယ်။ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ရှိရမယ်။
( ၁၂ ) ကျေးလက်အထိ လမ်း ပန်းဆက်သွယ်ရေးကောင်းအောင် ဆောင်ရွက်မယ်။
( ၁၃ ) လယ်လုပ်သူ လယ်ပိုင်ရမယ်။ လယ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ရှိရမယ်။
(၁၄ ) အလုပ်သမားဘ၀ ဖူလုံရေး ကြိုးပမ်းပေးမယ်။ အလုပ်သမား သမဂ္ဂဖွဲ့စည်းခွင့်ရှိရမယ်။
( ၁၅ ) ကမ္ဘဘဏ်နှင့်ပူးပေါင်း၍ ငွေကြေးတန်ဖိုးတည် ငြိမ်အောင် ကြိုးပမ်းမယ်
(၁၆ ) လူငယ်များအား တိုင်းပြည်အတွက် အနာဂတ်ကြယ်ပွင့်များ ဖြစ်လာအောင် မွေးထုတ်မယ်။ လူငယ်သမဂ္ဂများ ဖွဲ့စည်းခွင့်ရှိတယ်။
( ၁၇ ) အမျိုးသမီးကဏ္ဍမြှင့်တင်ပေးမယ်။ အမျိုးသားနဲ့ တန်းတူအခွင့်အရေးရှိရမယ်။
( ၁၈ ) တိုင်းရင်းသားလူမျိုးများရဲ့ စကား၊ စာပေနှင့်ယဉ်ကျေးမှုမြှင့်တင်ပေးမယ်။
( ၁၉ ) စီးပွားရေးထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေးမယ်။
(၂၀ ) တိုင်းပြည်ရဲ့ သယံဇာတများကို ရေရှည်အကျိုးကိုရှေးရှုပြီး စည်းကမ်းစနစ်နဲ့ ထုတ်ယူသုံးစွဲမယ်။
(၂၁ ) ကျေးလက်အထိ လျှပ်စစ်မီးဓာတ်အားသုံးစွဲနိုင်အောင် ကြိုးပမ်းမယ် စသည်များဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
နိုင်ငံရေးပါတီတိုင်းဟာ ရည်ရွယ်ချက်များ၊ မူဝါဒလမ်းစဉ်များရှိကြပါတယ်။ တိုင်းပြည်အတွက် ဘယ်လိုရည်ရွယ်ချက်များ ထားရှိပါတယ်။ တိုင်းပြည်တိုးတက်ပြောင်းလဲဖို့ ဘယ်လိုလုပ်မယ်။ ဘယ်လိုဆောင်ရွက်မယ်။
မူဝါဒလုပ်ငန်းစဉ်များ ထားရှိကြပါတယ်။ ဒါဟာ အင်မတန်အရေးကြီးပါတယ်။ သို့သော် ကောင်းတဲ့ရည်ရွယ်ချက်များ၊ မူဝါဒလုပ်ငန်းစဉ်များ ထားရှိရုံနဲ့ မပြီးသေးပါဘူး။ အမှန်တကယ် လက်တွေ့ ကျကျ ဆောင်ရွက်နိုင်မည့် လူတွေဖြစ်ကြဖို့ အလွန်အရေးကြီးပါတယ်။ လူကောင်းလူတော်ဖြစ်ကြ ဖို့လိုပါတယ်။ လူရိုးလူဖြောင့်ဖြစ်ကြဖို့လိုပါတယ်။ သစ္စာသမာဓိရကြဖို့ လိုပါတယ်။ တိုင်းပြည်ကို အမှန်တကယ်ချစ်၊ ပြည်သူကို အမှန်တကယ် ချစ်တဲ့လူဖြစ်ကြဖို့လိုပါတယ်။ ဒါ့ကြောင့် ပါတီကိုလည်း ကြည့်ဖို့လိုပါတယ်။
လူလည်းကြည့်ဖို့ လိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသာရှိသေးရင် ကျွန်ုပ်တို့ တိုင်းပြည်ဟာ ဒီလိုအဆင့်နဲ့သာ ရှိလိမ့်မယ်လို့မထင်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း မူဝါဒကဲ့သို့ရှိတဲ့ နိုင်ငံရေးပါတီကို ကြည့်ကြပါ။ ဗိုလ်ချုပ်အောင်ဆန်းအကျင့်ကဲ့သို့ ရှိတဲ့လူကိုသာ ရွေးချယ်ကြပါလို့ တိုက်တွန်းလိုပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
နိုင်ငံရေးပါတီကြီးတစ်ခုတည်းနဲ့ အစိုးရဖွဲ့နိုင်တာမျိုးကို ဦးစားမပေးလွန်းကြပါနဲ့။ ပါတီကြီးတစ်ခုတည်းနဲ့ အစိုးရဖွဲ့နိုင်လို့ ထင်ရာစိုင်းတတ်တဲ့ သမိုင်းအတွေ့အကြုံရှိလာခဲ့ပါတယ်။ ညွန့်ပေါင်းအစိုးရမျိုးမှ အပြန်အလှန် ထိန်းကျောင်းမှုကောင်းတဲ့ အစိုးရမျိုးဖြစ်လာနိုင်မယ်လို့ ယူဆပါ
တယ်။ အပြန်အလှန်လေးစားကြမှသာ တိုင်းပြည်ကိုတိုးတက်အောင် ပြုပြင်ပြောင်းလဲနိုင်မယ်လို့ ယူဆပါတယ်။ တိုင်းရင်းသားများအားလုံးပါဝင်တဲ့ညွန့်ပေါင်းအစိုးရမျိုး ဖွဲ့စည်းနိုင်မယ်ဆိုရင် တို့တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်မြင်ယူဆပါတယ်။ ဒါကြောင့် တိုင်းရင်းသားပါတီများကိုထောက်ခံကြပါ။ ကယန်းအမျိုးသားပါတီကို ထောက်ခံကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။
ကျေးဇူးတင်ပါတယ်။
ကယန်းအမျိုးသားပါတီ
၁။ | ပါတီအမည် | - | ကယန်းအမျိုးသားပါတီ |
၂။ | ပါတီအမည်(English) | - | Kayan National Party |
၃။ | ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့ | - | ၂၆.၄.၂၀၁၀ |
၄။ | လာရောက်လျှောက်ထားစဉ်ပါတီအင်အား | - | ၁၇ ဦး |
၅။ |
လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် |
- | ဦးခူးယူဂျင်း၊ ဦးလောရင်း |
၆။ | ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့ | - | ၄.၅.၂၀၁၀ |
၇။ | ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့ | - | ၁၁.၅.၂၀၁၀ |
၈။ | ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့ | - | ၂၀.၅.၂၀၁၀ |
၉။ | ခွင့်ပြုသည့်ပါတီအမှတ်စဉ် | - | အမှတ်စဉ်(၇) |
၁၀။ | ခွင့်ပြု့သည့်ပါတိအလံ | - | |
၁၁။ | ခွင့်ပြု့သည့် ပါတီတံဆိပ် | - | |
၁၂။ | ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း | - | ဦးခူးယူဂျင်း၊ဦးနန်းရီ(ထွေ/မှုး) |
၁၃။ | ပါတီနယ်မြေ | - | ပြည်ထောင်စုတစ်ဝန်းလုံး |
၁၄။ | ပါတီ ရုံးချုပ်တည်နေရာ | - |
အမှတ်(ည/၁၂၅)၊ သိုင်းဗဟန်လမ်း၊ညောင်ကုန်း(၃)ရပ်ကွက်၊ ဖယ်ခုံမြို့၊ ရှမ်းပြည်နယ်။ |
၁၅။ | ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ် | - | ၀၈၁-၅၆၁၅၃(ဦးခူးယူဂျင်) |
၁၆။ | ပါတီ၏ မူဝါဒလမ်းစဉ်များ | - | PDFDownload |