ကယားပြည်နယ် မဲရုံလုံခြံုရေး တပ်မတော်မှ ၃၂ ရုံတာဝန်ယူမည်

ကယားပြည်နယ် မဲရုံလုံခြံုရေး တပ်မတော်မှ ၃၂ ရုံတာဝန်ယူမည်
ကယားပြည်နယ် မဲရုံများ လုံခြံုရေးအစည်းအဝေးကို  ပြည်နယ်အစိုးရရုံး ခန်းမတွင် စက်တင်ဘာ ၁၁ ရက်က ပြုလုပ်စဉ်

ရွေးကောက်ပွဲအတွင်း ကယားပြည်နယ်တွင် မဲရုံ ၃၂ ရုံကို တပ်မတော်က လုံခြုံရေး ယူသွားမည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးဇော်မျိုးတင်က စက်တင်ဘာလ (၁၀) ရက် ပြည်နယ်အစိုးရရုံး ခန်းမတွင် ပြောကြားသွားသည်။ 

“ကျနော်တို့ မြန်မာနိုင်ငံမှာ အေးဆေးတည်ငြိမ်သောနေရာတွေရှိသလို တပ်မတော်ရဲ့ အကူအညီကို ရယူပြီးတော့ မတည်ငြိမ်မအေးချမ်းတဲ့နေရာလို့ သတ်မှတ်ထားခဲ့တဲ့ နေရာတွေမှာ တပ်ရဲ့အကူအညီကို ရယူပြီးတော့ မဲရုံလုံခြုံရေးများကို ဆောင်ရွက်ဖို့အတွက် စီမံဆောင်ရွက်ထားတယ်။” ဟု ၎င်းက ပြောသည်။ 

ပြည်နယ်အစိုးရ ရုံခန်းမတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ လုံခြုံရေးစီမံချက်များ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွင် ပြောကြားသွားခြင်းဖြစ်သည်။  

ကယားပြည်နယ်တွင် မဲရုံပေါင်း (၂၂၉) ရုံရှိပြီး ဆက်သွယ်ရေးအရသော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လည်းကောင်း တပ်မတော်အကူအညီဖြင့် လုံခြုံရေးယူမည့် မဲရုံများမှာ လွိုင်ကော်မြို့နယ်တွင် (၅)ရုံ၊ ဒီမောဆိုမြို့နယ် (၉) ရုံ ဖရူဆိုမြို့နယ် (၁၀) ရုံ၊ ရှားတောမြို့နယ် (၃) ရုံ နှင့် ဖားဆောင်းမြို့နယ် (၅) ရုံ စုစုပေါင်း (၃၂) ရုံ ဖြစ်သည်။

ရွေးကောက်ပွဲ လုံခြုံရေးအတွက် အထူးရဲတပ်ဖွဲ့များကိုလည်း ခေါ်ယူသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။  “ဒီရွေးကောက်ပွဲဆောင်ရွက်တဲ့အခါမှာ လုံခြုံရေးကို ကျနော်တို့မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားနဲ့ ဆောင်ရွက်မယ်ဆိုရင် လိုအပ်ချက်များ ရှိလာနိုင်တာဖြစ်တဲ့အတွက် ပြည်ထဲရေးဝန်ကြီးထံဌာနရဲ့ အစီအမံနဲ့ အထူးရဲကို ရွေးချယ်ပြီးတော့ ဖွဲ့စည်းတာဝန်ပေးအပ်သွားမှာဖြစ်ပါတယ်။” ဟု ဗိုလ်မှူးကြီး ဇော်မျိုးတင်က ပြောသည်။ 

အထူးရဲများရွေးချယ်ရာတွင် အခြေခံပညာအထက်တန်းအောင်မြင်သူများဖြစ်ခြင်း၊ နယ်မြေခံမှဖြစ်ခြင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းသူများဖြစ်ခြင်းနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များဖြစ်ခြင်း စသည့်အချက်များအပေါ်အခြေခံ၍ သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့များက မြို့နယ်အုပ်ချုပ်ရေးမှုးများနှင့်ပူးပေါင်းပြီး စနစ်တကျ ရွေးချယ်သွားမည်ဖြစ်သည်ဟု သိရသည်။  အထူးရဲများအား သင်တန်းများ အဆင့်ဆင့်ပေးသွားမည်ဖြစ်ပြီးု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးကဲ့သို့ တာဝန်ထမ်းဆောင်ရ မည်ဟု သိရသည်။

ရွေးကောက်ပွဲလုံခြုံရေးဆောင်ရွက်ရာတွင် မဲပြားများစတင်ပို့ဆောင်သောအချိန်မှစပြီး ပြန်သယ်ဆောင်သွားသည့်အချိန်၊ အနိုင်ရအမည်စာရင်းများ ထုတ်ပြန်သည့်အချိန်အထိ တာဝန်ယူသွားမည်ဖြစ်ပြီး မဲရုံတစ်ရုံ၌ အထူးရဲနှင့် အရံမီးသတ် တပ်ဖွဲ့ဝင်မှ (၁) ဦးမှ (၅) ဦး အထိ နေရာချထားမည်ဟုဆိုသည်။  နိုင်ငံတကာစောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများအနေဖြင့်လည်း မဲရုံမှူးထံ သတင်းပို့ပြီးနောက် သတင်းအချက် အလက်များ ရယူခြင်း၊ မဲထည့်ခြင်းနှင့် မဲရလဒ်ကို စောင့်ကြည့်လေ့လာခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly