ဘဝမှာအမဲစက်မရှိခဲ့ဆိုသူ ဦးမြတ်ဟိန်း နိုင်နိုင်ရှုံးရှုံး ဒေသအကျိုး ဆောင်ရွက်မည်ဟု ကတိပြုမဲဆွယ်

ဘဝမှာအမဲစက်မရှိခဲ့ဆိုသူ ဦးမြတ်ဟိန်း နိုင်နိုင်ရှုံးရှုံး ဒေသအကျိုး ဆောင်ရွက်မည်ဟု ကတိပြုမဲဆွယ်

နေပြည်တော်၊ စက်တင်ဘာ ၁၀ ။ ။ လာမည့်ရွေးကောက်ပွဲတွင် ဇဗ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လေတပ်ဦးစီးချုပ်ဟောင်း ဦးမြတ်ဟိန်းက သူ့ဘဝတလျောက် အမဲစက်မရှိကြောင်းနှင့် ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မပြတ် ဆက်လုပ်လိုကြောင်းပြောဆိုကာ စက်တင်ဘာ ၁၀ရက်က နေပြည်တော် ဇဗ္ဗူသီရိမြိုကနယ် အလျင်လိုကျေးရွာတွင် မဲဆွယ်စည်းရုံးခဲ့သည်။

“ကျွန်တော်ကတော့ ကျွန်တော့ကိုယ်ကျွန်တော် ယုံကြည်ပါတယ်၊ ကျွန်တော်အခုထိ ဖြတ်သန်းလာတဲ့ဘဝတစ်လျှောက်မှာ အမဲစက်တစ်စက်မရှိခဲ့ပါဘူး၊ ကြွားပြောတာလည်းမဟုတ်ဘူး၊ စုံစမ်းရင် စုံစမ်းကြည့်လို့ရတယ်”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းက ပြောသည်။

လက်ရှိအစိုးရသည် ပြုပြင်ပြောင်းလဲရေး မလုပ်တာမဟုတ်ကြောင်းနှင့် အချို့သောပြုပြင်ပြောင်းလဲမှု များသည် အချိန်ယူရတာမျိုးရှိသည့်အတွက် နားလည်ပေးစေလိုကြောင်းလည်း ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးမြတ်ဟိန်းက လက်ရှိအစိုးရကို ကာကွယ်ပြောဆိုကာ စည်းရုံးခဲ့သည်။

“ဒါကြောင့်မို့လို့ ကျွန်တော်တို့အစိုးရအနေနဲ့ လက်ရှိအစိုးရအနေနဲ့ ကျွန်တော်တို့ ဆက်ပြီးတော့လုပ်ခွင့် ရခဲ့မယ်ဆိုရင် ဒီအရင်လူအတိုင်းပဲ ကျွန်တော်တို့ ဒီအရင်လူနဲ့တောင် ပိုပြီးတော့ တိုးတက်အောင် လုပ်နိုင်မယ့် အနေအထား ရှိတယ်လို့ ကျွန်တော့်အနေနဲ့ ရဲရဲဝင့်ဝင့်ပြောရဲပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမြတ်ဟိန်းက ၎င်းယှဉ်ပြိုင်မည့် ဒေသအတွက် ရွေးကောက်ပွဲ ကတိကဝတ်အနေဖြင့် အရွေးခံရသည်ဖြစ်စေ၊မရွေးခံရသည်ဖြစ်စေ ဒေသကောင်းကျိုးအတွက် အားတက်သရောဆောင်ရွက်ပေးမည်ဟုလည်း ကတိကဝတ်ပြုကာ မဲဆွယ်ခဲ့သေးသည်။

“ဖြစ်နိုင်ခြေရှိမရှိ၊တစ်ကယ်လုပ်နိုင်တဲ့လူဟုတ်မဟုတ် ခင်ဗျားတို့လေ့လာပါ။ပြီးရင် ကြိုက်ရင် ကျွန်တော့်ကို မဲပေပါ"ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္မူသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် နေရာအတွက် NLD မှ ဦးဖြိုးဇေယျာသော်၊ ဒီမိုကရေစီ အင်အားစုပါတီမှ ဦးအောင်ခိုင်မိုး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးကျော်အေး၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးမြတ်ဟိန်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly