အစိုးရသတ်မှတ်သည့် မတရားအသင်းများနှင့် မဆက်စပ်ကြရန် ဒီချုပ်ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးက ကြေညာချက်ထုတ်ပြန်

အစိုးရသတ်မှတ်သည့် မတရားအသင်းများနှင့် မဆက်စပ်ကြရန် ဒီချုပ်ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးက ကြေညာချက်ထုတ်ပြန်

စက်တင်ဘာ ၉ ။             ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က အင်န်အယ်လ်ဒီ အမတ်လောင်းများသည် အစိုးရက သတ်မှတ်ထားသည့် မတရားအသင်းများနှင့် ဆက်စပ်ဆောင်ရွက် ခြင်းကို လုံးဝ မပြုလုပ်ကြရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ "ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်"ညွှန်ကြားချက်နှင့် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများအရ ယခုကဲ့သို့ တားမြစ် ရခြင်းဖြစ် သည်ဟု NLD ၏ စက်တင်ဘာ ၈ ရက် ထုတ်ပြန်ချက်က ဖော်ပြသည်။

တည်ဆဲဥပဒေအရ မတရားအသင်း ကြေညာခံရသည့် အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ် ကျူးလွန်သည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်၊ အစိုးရအား လက်နက်ကိုင် ဆန့်ကျင်သောသောင်းကျန်းသူအဖွဲ့များ စသည်တို့နှင့် ဆက်သွယ်သည်ဟု ခိုင်လုံသော အထောက် အထားရှိသည်ဟု "သက်ဆိုင်ရာတရားရုံး" က ဆုံးဖြတ်ခံရလျှင် လွှတ်တော် ရွေးကောက်ပွဲဥပဒေအရ အမတ်အဖြစ် ရွေးခံရပြီးသော်လည်း ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိဘဲ ဖြစ်မည်။

၂၀၁၄ ခု၊ ဇူလိုင် ၁ ရက်က ထုတ်ပြန်သည့် "ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် "ညွှန်ကြားချက် စာပိုဒ် ၁၆ အရလည်း တည်ဆဲဥပဒေ တစ်ရပ်ရပ်ဖြစ်စေ၊ ညွှန်ကြား ချက် တားမြစ်ချက် တစ်ရပ်ရပ်ဖြစ်စေ၊ စည်းကမ်းတစ်ရပ်ရပ်ကိုဖြစ်စေ ဖောက်ဖျက်ကြောင်း တွေ့ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည် ဖြစ်သည်။

အမတ်လောင်းများသည် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးခြင်း သက်သက်သာ ပြုလုပ်ရမည်ဖြစ်ပြီး အထက်ဖော်ပြပါ အသင်းအဖွဲ့များ၏ အစည်းအဝေးများ၌ ပါဝင် ဆောင်ရွက်ခြင်း၊ ယင်းအသင်းအဖွဲ့များအတွက် ဝင်ကြေး ထည့်ဝင်ခြင်း၊ ရယူခြင်း၊ တောင်းခံခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကူညီခြင်း၊ အစည်းအဝေးကို ဆော်သြကမကထ ပြုခြင်း၊ ဆော်သြကမက ထ ပြုရာတွင် ကူညီခြင်းတို့ကို လုံးဝ မပြုလုပ်ကြရန် NLD က ထုတ်ပြန် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly