''ပြည်သူသာအမိ ပြည်သူသာအဖ'' ဆိုသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မဲဆွယ်စည်းရုံးနေ

''ပြည်သူသာအမိ ပြည်သူသာအဖ'' ဆိုသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မဲဆွယ်စည်းရုံးနေ

စက်တင်ဘာ ၉ ။      ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (Democratic Party for a New Society) က ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည့်မြို့နယ်များတွင် "ပြည်သူသာအမိ ပြည်သူသာအဖ" ဆောင်ပုဒ်ဖြင့် မဲဆွယ်စည်းရုံးရေးဆင်းနေကြသည်ဟု ပါတီရုံးချုပ်မှသိရသည်။

''မနေ့က တံတားဦး၊ မြင်းခြံ၊ ပုသိမ်ဖက်မှာစည်းရုံးရေးစဆင်းတယ်။ ဘားအံမှာလဲမနက်ဖြန် မဲဆွယ်ပွဲတွေလုပ်ဖို့ရှိတယ်။'' ဟု ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မဇ္ဈိမသို့ပြောသည်။

စက်တင်ဘာ ၈ ရက်နေ့က တံတားဦးမြို့နယ်အတွင်းရှိ ထနှောင်းကိုင်းကုန်းရွာ၊ ချိုင်းရွာ၊ ကံကြီးရွာ တို့တွင် လူ့ဘောင်သစ်ပါတီက ရွေးကောက်ပွဲ ဝင်ရခြင်းသဘောထား ကြေညာချက် စာရွက်များ၊ လက်ကမ်းစာစောင်များဝေငှပြီး ပါတီရုံးခွဲဆိုင်းဘုတ် အခန်းအနား လည်း ပြုလုပ်ခဲ့ သည်ဟု ပါတီဗဟို စည်းရုံးရေးကော်မတီဝင်၊ တံတားဦးမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်းရေးမှူး ဦးသန့်ဇင်က ပြောသည်။

တံတားဦးမြို့နယ်ဟိုတယ်ဇုန်ရှိ ဂေါင်းကွဲ၊ ကုတို့ဆိပ်၊ ကျည်းပင်ရွာများတွင် မဲဆွယ်စည်းရုံးမှုများ ဆက်တိုက်ပြုလုပ်မည်ဟု ၎င်းကဆိုသည်။

မဲဆွယ်စည်းရုံးရေးကာလရက်ပေါင်း ၆၀ အတွင်း ရက် ၄၀ မဲဆွယ်စည်းရုံးမည်ဖြစ်ပြီး ပြည်သူများ၏ တုန့်ပြန်အကြံပြုချက်များကိုလေ့လာပြီး ကျန်သည့် ရက် ၂၀ တွင် ပြင်ဆင်သင့်သည်များ ဆောင်ရွက်ရန် စီစဉ်ထားသည်ဟု ပါတီအမှုဆောင်များက ပြောသည်။

၎င်းပါတီက ပြည်သူ့လွှတ်တော် ၄ ဦး၊ အမျိုးသားလွှတ်တော် ၇ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ၁၀ ဦး စုစုပေါင်း ကိုယ်စားလှယ် (၂၁) ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခု နိုင်ငံအနှံ့ ဒီမိုကရေစီလှုပ်ရှားအုံကြွမှု လက်နက်ဖြင့် ဖြိုခွင်းခံရပြီးနောက် ကျောင်းသားလူငယ်များ စုစည်း၍ ယင်းနှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့တွင် ပါတီ သက်တမ်း (၂၇) နှစ် ပြည့် မည်ဖြစ်သည်။

မြေပေါ်တွင် တရားဝင်ပါတီအဖြစ် (၃) နှစ်စွန်းစွန်းသာ ရပ်တည်လှုပ်ရှားခွင့်ရရှိခဲ့ကြပြီး ကျန်နှစ်များမှာ အခက်အခဲအကျပ်အတည်းမျိုးစုံဖြင့် နေရာဒေသအမျိုးမျိုးတွင် သဏ္ဌာန်အမျိုးမျိုးနှင့် လှုပ်ရှားခဲ့ကြရ သည်ဟု ဥက္ကဌ ဦးအောင်မိုးဇော်က ထုတ်ဖော်ပြောဆိုထားသည်။

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို အပြည့်အဝ အာမခံနိုင်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး တည်ဆောက်ရေး၊ အစဉ်ဖွံ့ဖြိုးတိုးတက်သောလူ့အဖွဲ့အစည်းတည်ဆောက်ရေး စသည့် နိုင်ငံရေးဦးတည်ချက်များဖြင့် ဖွဲ့စည်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly