မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ ၏ မဲဆွယ်စည်းရုံးမှု

မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ ၏ မဲဆွယ်စည်းရုံးမှု
မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ၏ ဒေါ်လာပက်(ခေါ်) ဒေါ်ဇူလိုင်မိုး။

ရန်ကုန်၊ စက်တင်ဘာ ၉ ။          ။ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါ်ဇူလိုင်မိုးက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြော တင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

လေးစားအပ်ပါသော တိုင်းရင်းသား ပြည်သူအပေါင်းတို့ရှင့်-

ကျက်သရေ မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံ ခညောင်းပြီး ကိုယ်၏ ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနှင့်အတူ လိုအင်ဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်ဝကြ ပါစေလို့ ဆုမွန်တောင်းရင်း နှုတ်ခွန်း ဆက်သ အပ်ပါတယ်ရှင့်။

ကျွန်မကတော့ ၂ဝ၁၅ ခု နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဒေါ်လာပက်(ခေါ်) ဒေါ်ဇူလိုင်မိုး ဖြစ်ပါတယ်။

အခုလို ရေဒီယို၊ ရုပ်မြင်သံကြားမှ တစ်ဆင့် မိမိတို့ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီရဲ့ မူဝါဒ သဘောထား လုပ်ငန်းစဉ်များကို တင်ပြ ဟောပြောခွင့် ရရှိတဲ့အတွက် နိုင်ငံတော်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ ကိုယ်စား အထူးပင ကျေးဇူးတင်ရှိ ပါကြောင်းနဲ့ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။

လေးစားအပ်ပါသော တိုင်းရင်းသား ပြည်သူအပေါင်းတို့ရှင့် -

မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီဟာ မြို(ခေါ်) ခမိ အမျိုးသား ညီညွတ်ရေး အဖွဲ့(ပါတီ)ကို အမည် ပြောင်းလဲထားတဲ့ ပါတီဖြစ်ပါတယ်။

မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီသက်တမ်းဟာ ယခုအခါ (၂၇)နှစ်ကျော်လာပြီ ဖြစ်သည်နဲ့အညီ ရခိုင်ပြည်နယ်ကို အခြေခံပြီး ကျောက်တော် မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ ဘူးသီးတောင် မြို့နယ်၊ ပေါက်တော မြို့နယ်၊ ရသေ့တောင် မြို့နယ်တို့ကို စုစည်းပြီး ကျယ်ကျယ် ပြန့်ပြန့် ဖွဲ့စည်းထားတဲ့ အပြင် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်များကိုပါ စည်းရုံး ပေါင်းစည်းထားတဲ့ မြိုတိုင်းရင်းသား လူမျိုးသီးသန့် တည်ထောင်ထားသော တိုင်းရင်းသား ပါတီတစ်ပါတီ ဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဦးဆောင် ဦးရွက်ပြုပြီး ၂ဝ၁၅ ခု နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ကျွန်မတို့ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီက ကျောက်တော်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး၊ မြောက်ဦးမြို့နယ် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ ပေါက်တောမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ပုဏ္ဏားကျွန်း မြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦး စုစုပေါင်းခြောက်ဦး ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

၁၉၉ဝ ပြည့်နှစ်တွင် ကျင်းပပြုလုပ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနဲ့ ၂ဝ၁ဝ ပြည့်နှစ်မှာ ကျင်းပပြုလုပ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာလည်း မြို(ခေါ်) ခမိ အမျိုးသား ညီညွတ်ရေးအဖွဲ့ (ပါတီ)မှ ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။

၁၉၉ဝ ပြည့်နှစ်က ကျင်းပခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဤပါတီ ကိုယ်စားပြု ပါတီဥက္ကဋ္ဌ ဦးစံသာအောင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးချယ်ခံ အနိုင်ရခဲ့ပြီး၊ ၁၉၉၂ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့ သမ္မတ အိမ်တော်ဝင်း အတွင်း ကျင်းပပြုလုပ်တဲ့ အမျိုးသား ညီလာခံ ကျင်းပရေး အတွက် အကြို ညှိနှိုင်း အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးစံသာအောင်က တက်ရောက် အကြံပြု နိုင်ခဲ့ပြီး၊ ၁၉၉၃ ခုနှစ် စတင်ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံသို့ ပါတီ ကိုယ်စားပြု အရွေးချယ်ခံ ကိုယ်စားလှယ်အဖြစ် ဦးစံသာအောင်နှင့်အတူ ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ငါးဦး တက်ရောက်ပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ခဲ့ပါ တယ်။

ယနေ့တိုင် စိန်ခေါ်မှုများစွာကို ကျော်လွှား ရင်ဆိုင်ဖြေရှင်းရင်း မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ အမည်ဖြင့် ကြံ့ကြံ့ခံ ရိုးသား ပြတ်သားစွာ ရပ်တည်လျက် အမျိုးသား နိုင်ငံရေးခရီးကို ဆက်လက် လှမ်းလျှောက်နေဆဲ ဖြစ်ပါတယ်။ မုန်တိုင်း သဘာဝ ရေဘေး အန္တရာယ်ကြောင့် သတ်မှတ်ထားတဲ့ အရေအတွက် အတိုင်း ပလက်ဝမြို့နယ်မှ ရွေးကောက်ပွဲ ဝင်ရောက်နိုင်ခြင်း မရှိခဲ့တဲ့အတွက် မြိုတိုင်းရင်းသား ပြည်သူများကို အနူးအညွတ် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ပြီးမြောက် အောင်မြင်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ တာဝန်ရှိသလို၊ ကျွန်မတို့ ပါတီတွေမှာလည်း တာဝန်ရှိမှာ ဖြစ်ပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲကြီး အောင်မြင်ရေး အတွက် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို လေးစား လိုက်နာရမှာ ဖြစ်ပါတယ်။

နိုင်ငံရေး ယဉ်ကျေးမှု တစ်ရပ်ကို ပါတီတိုင်း ပါတီတိုင်းက ဖန်တီးနိုင်ခဲ့ရင် မဲဆန္ဒရှင် ပြည်သူတွေကလည်း သူတို့ကြိုက် နှစ်သက်ပြီး အရည်အချင်းရှိတဲ့ ကိုယ်စားလှယ် လောင်းတွေကို အေးချမ်းစွာ ဆန္ဒမဲပေး ရွေးချယ်နိုင်ကြမှာ ဖြစ်ပါတယ်။

ပါတီတိုင်း ပါတီတိုင်းဟာ နိုင်ငံရေး ပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းများ လိုက်နာရမယ့် ကျင့်ဝတ် တွေကို အကောင်အထည် ဖော်နိုင်အောင် ကြိုးပမ်းနိုင်ခဲ့ရင် မိမိပါတီရဲ့ ဂုဏ်သိက္ခာ ကိုသော်လည်းကောင်း၊ တရားမျှတတဲ့ ရွေးကောက်ပွဲကြီး အောင်မြင်ရေးကို သော်လည်းကောင်း၊ မိမိတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရှိရေးကို သော်လည်းကောင်း လွန်စွာ အထောက်အကူ ပြုနိုင်မယ်လို့ မြင်မိပါတယ်။

၂ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ အမှတ်တံဆိပ်။

လေးစားအပ်ပါသော တိုင်းရင်းသား လုပ်သား ပြည်သူ အပေါင်းတို့ရှင့် -

ကျွန်မတို့ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ပါတီရဲ့ ချမှတ်ထားတဲ့ မူဝါဒ ပန်းတိုင် လုပ်ငန်းစဉ်တွေကို ဖြည်းဖြည်းနဲ့ မှန်မှန် အကောင်အထည် ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အမျိုးသား နိုင်ငံရေးဖြစ်သည့် အားလျော်စွာ ပါတီ ရေရှည် တည်တံ့ခိုင်မြဲရေး အခြား တိုင်းရင်းသားတွေ နည်းတူ တန်းတူ အခွင့်အရေး ရရှိရေးကို အလေးပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မိမိတို့ မြိုတိုင်းရင်းသားများ ရင်ကြားစေ့ရေးနဲ့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ၊ ပေါင်းစည်းရေးကို ဦးတည် ကြိုးပမ်းသွားမှာ ဖြစ်သလို ၂ဝ၁၄ ခု ပြည်လုံးကျွတ်ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်း အရတစ်နိုင်ငံလုံး လူဦးရေ စုစုပေါင်း စာရင်းကို အခြေခံပြီး၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အရွေ့မှာ မြိုတိုင်းရင်းသား ရေးရာဝန်ကြီး အိပ်မက်ကိုလည်း မျှော်မှန်းထားဆဲဖြစ်ပါတယ်။

ထို့ကြောင့် ပါတီတိုင်းက ရိုးသားခြင်း နိုးကြားခြင်းနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးတို့ကို လက်ကိုင် ထားကြစေချင်သလို ကိုယ်စားလှယ် လောင်းတွေကလည်းပဲ အသည်းထဲက မဲတစ်ပြားရရှိရေး အတွက် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး စွမ်းရည်နှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို နိုင်ငံတော်၏ အကျိုးကို ရှေးရှုလျက် ပါဝင် ယှဉ်ပြိုင်ကြစေလို ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စု တိုင်းရင်းသား ပြည်သူ အပေါင်းတို့ရှင့် -

ကျွန်မတို့ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီဟာ နိုင်ငံတော် အကျိုး၊ တိုင်းရင်းသား ပြည်သူများရဲ့အကျိုးကို ရှေးရှု၍ မူဝါဒစည်းကမ်း စည်းမျဉ်း ရည်မှန်းချက် လုပ်ငန်းစဉ်များကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

မူဝါဒ

၁။ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေး ပါတီသည် တို့တာဝန် အရေးသုံးပါး ဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးနှင့် တရားဥပဒေ စိုးမိုးရေးကို လေးစား လိုက်နာသည့် အမျိုးသား နိုင်ငံရေးကို ကျင့်သုံးမည်။

၂။ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီသည် စစ်မှန်သော ဒီမိုကရေစီ ထွန်းကား ရှင်သန်လာရေးကို တိုင်းရင်းသား ပြည်သူများနှင့်အတူ လက်တွဲကြိုးပမ်း ဖော်ဆောင်သော မူဝါဒကို ကျင့်သုံးမည်။

၃။ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီသည် ရည်မှန်းချက် တူညီပါက နိုင်ငံအကျိုး ပြည်သူအကျိုးကို မျက်ခြည်ပြတ် မခံဘဲ မည်သည့် နိုင်ငံရေးပါတီ အဖွဲ့အစည်းနှင့်မဆို ပူးပေါင်း ဆောင်ရွက်သော မူဝါဒကို ကျင့်သုံးမည် ဖြစ်ပါတယ်။

ရည်မှန်းချက်

၁။ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတော် တည်ငြိမ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် ပူးပေါင်း ပါဝင်ဆောင် ရွက်ရန်။

၂။ မိမိတို့ကံကြမ္မာကို မိမိတို့ လွတ်လပ်စွာ ဖန်တီးနိုင်ရေးမှာ တိုင်းရင်းသားတိုင်း၏ မွေးရာပါ တာဝန် ဖြစ်၍ ဦးလည်မသုန် ထမ်းရွက်ရန်။

၃။ တိုင်းရင်းသားများ၏ အခွင့်အရေး နှင့် တန်းတူရေးသည် စစ်မှန်သော ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည်ဟု ခံယူရန်။

၄။ စစ်မှန်သော ဒီမိုကရေစီ ထွန်းကား လာရေးနှင့် ဖက်ဒရယ် မူဘောင်တစ်ရပ် ပေါ်ပေါက် ကျင့်သုံးနိုင်ရေးကို ပူးပေါင်း ဆောင်ရွက်ရန်။

၅။ ပင်လုံစိတ်ဓာတ်ကို အခြေခံသည့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ပြည်ထောင်စု စိတ်ဓာတ်ဖြင့် အခိုင်အမာ တည်ဆောက် သွားရန်တို့ ဖြစ်ပါတယ်။

လုပ်ငန်းစဉ်များ

၁။ မိမိတို့ တိုင်းရင်းသား လူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် စာပေများကို ထိန်းသိမ်း တီထွင်နိုင်ရေး ကြိုးပမ်းသွားရန်။

၂။ ပြန့်ကျဲစွာ ရပ်တည်နေရသော မိမိတို့ တိုင်းရင်းသား လူမျိုးတို့၏ လူနေမှု ဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တစိုက်မတ်မတ် ဆောင်ရွက်ရန်။

၃။ အစဉ်တိုးတက် ပြောင်းလဲနေသော ခေတ်ရေစီးနှင့်အညီ ဘဝစွမ်းဆောင် ရည်မြင့်မားရေး၊ မိရိုးဖလာ လုပ်ငန်းများနှင့် ခေတ်မမီတော့သည့် အပေါ်ထပ် အဆောက်အအုံများတွင် ခေတ်မီ နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းရပ်များ အစားထိုး ပြုပြင် ပြောင်းလဲနိုင်ရေး ဆောင်ရွက်ရန်။

၄။ မိမိတို့ တိုင်းရင်းသား လူမျိုးဘဝကို ညီအစ်ကို တိုင်းရင်းသားများ သိရှိ နားလည်စေပြီး အချင်းချင်း ကူညီရိုင်းပင်းမှု၊ ချစ်ကြည်မှု ရရှိစေရေး ကြိုးပမ်းရန်။

၅။ အမျိုးသမီး အခန်းကဏ္ဍ မြှင့်တင်ရန်နှင့် မျိုးဆက်သစ် လူငယ်များ မွေးထုတ်ရန်။

၆။ ဆန်းသစ်သော အတွေးအခေါ်နှင့် ခေတ်မီသော အိုင်တီ ပညာရပ်များကို ဖိတ်ခေါ်ပြီး လူသား အရင်းအမြစ် ပေါ်ထွက်လာရေး အလေ့အကျင့် စီမံပေးရန်။

၇။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် မိမိ ခြေထောက်ပေါ် မိမိ ရပ်တည်နိုင်ရေး အတွက် အခိုက်အတန့် နိုင်ငံတော် အကူအညီကို ရယူရန် စသည်တို့ ဖြစ်ပါတယ်။

လေးစားအပ်ပါသော တိုင်းရင်းသား လုပ်သားပြည်သူ အပေါင်းတို့ရှင့် -

ပါတီတိုင်း ပါတီတိုင်းအား မိမိတို့ရဲ့မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး နိုင်ငံအကျိုး လူမျိုးအကျိုး ပါတီအကျိုးတွေ အတွက် ကိုယ်စီ ကိုယ်င ဆောင်ရွက်နေကြတာဟာ သမိုင်းပေး တာဝန်တွေကို ထမ်းရွက်နေကြတာ ဖြစ်ပါတယ်။

အလှမ်းမဝေးတော့တဲ့ ၂ဝ၁၅ ခု နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပ ပြုလုပ်မယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ကျွန်မတို့ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီပေါင်း ၉ဝ ကျော် ယှဉ်ပြိုင် အရွေးခံကြ မယ်လို့ သိရှိရပါတယ်။

ကျွန်မတို့ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီဟာ မြိုတိုင်းရင်းသား မျိုးနွယ်စုများ အားလုံးရဲ့ အစဉ်အလာကြီးမားခဲ့တဲ့ သမိုင်းဝင်ပါတီတစ်ခု ဖြစ်ပါတယ်။ ခေါင်းဆောင် ပီသခြင်း၊ ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ တည်ကြည်ခြင်း၊ ပွင့်လင်း မြင်သာခြင်း၊ ရိုးရာဒဏ္ဍာရီအရ အဓိပ္ပာယ်ရှိတဲ့ ငှက်တော်အ ထိမ်းအမှတ် တံဆိပ်ကို အသုံးပြုထားပါတယ်။ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီရဲ့ ဆောင်ပုဒ် ကတော့ ''ညီညွတ်မှုဖြင့် ဒီမိုကရေစီ လမ်းစဉ်သို့ လျှောက်လှမ်းကြပါစို့'' ဖြစ်ပါတယ်။

မြိုတိုင်းရင်းသားတို့ အနေဖြင့် လူမှန်၊ နေရာမှန် ထက်မြက်အနစ်နာခံ သော ကိုယ်စားလှယ်လောင်းများကို ရွေးချယ် မဲပေးကြပါရန်နှင့် မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီကို မဲပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ရှင့်။

တိုင်းရင်းသားလုပ်သား ပြည်သူအပေါင်း ရွှင်လန်း ချမ်းမြေ့ကြပါစေ။

အားလုံးကို ကျေးဇူးတင်ရှိပါတယ်ရှင့်။

မြို့တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

 ၁။  ပါတီအမည်  -  မြို့တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
 ၂။  ပါတီအမည်(English)  -  Mro National Development Party (MNDP)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ပုဒ်မ ၂၅ အရ လျှောက်ထားခြင်း
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ပုဒ်မ ၂၅ အရ လျှောက်ထားခြင်း
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးစံသာအောင် ၊ ဦးလာဘွေ
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၉.၄.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၈.၄.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၀.၅.၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၁)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးစံသာအောင် ၊ ဦးလာဘွေ
 ၁၃။  ပါတီနယ်မြေ  -  ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၂၀၂) စာတိုက်လမ်း၊ပြည်တော်သာ ရပ်ကွက်၊ ကျောက်တော် မြို့နယ်၊ ရခိုင်ပြည်နယ်
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၂၁၇၃၄၅၀၈(ဥက္ကဌ) ၀၉-၈၅၀၀၆၀၇
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly