ပြည်ခိုင်ဖြိုးက ၂၀၁၅ ရွေးကောက်ပွဲအတွက် အောင်နိုင်ရေး တာဝန်များ ပေးအပ်

ပြည်ခိုင်ဖြိုးက ၂၀၁၅ ရွေးကောက်ပွဲအတွက် အောင်နိုင်ရေး တာဝန်များ ပေးအပ်
ဓာတ်ပုံ - USDP

စက်တင်ဘာ ၈ ရက် ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောရို့နယ် အောင်နိုင်ရေး ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးကိုယ်စား ရှမ်းပြည်နယ်၊ ပြည်နယ်ပါတီ ကော်မတီဝင် ဒေါက်တာဦးနန္ဒာလှမြင့်က ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး ခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီဝင် အင်အား ၁၀၀ ဦးကျော် တက်ရောက်သည်ဟု ၎င်း၏ ဖေ့ဘုတ်စာမျက်နှာ၌ ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

သြဂုတ် ၁၆ ရက်ကလည်း ပြည်နယ် ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ပါတီဗဟို အလုပ်မှုဆောင် ရှမ်းပြည် နယ် ပါတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်နှင့် လွိုင်လင်ခရိုင် အောင်နိုင်ရေး အဖွဲ့ ၉ ဦးတို့အား တစ်ဦးချင်းအလိုက် အောင်နိုင်ရေးတာဝန် ပေးအပ်ခဲ့သည်။

ပြည်နယ်ပါတီ ဥက္ကဋ္ဌမှလည်း လဲချားမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ပင်းတယမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ကိုယ်စားလှယ်လောင်း၊ မိုင်းပန်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း၊ ပင်းတယမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ကိုယ်စားလှယ်လောင်းနှင့်၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ်လောင်း တို့အား အောင်နိုင်ရေးတာဝန်များ ပေးအပ်ခဲ့သည်။

တက်ရောက်လာကြသည့် တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလော၊ ရွာငံ၊ ပင်လောင်း၊ ဖယ်ခုံ၊ လင်းခေး၊ မိုးနဲ၊ မိုင်းပန်၊ မောက်မယ်၊ လွိုင်လင်၊ နမ့်စန်၊ ကျေးသီး၊ မှိုင်းရှူးနှင့် လဲချားမြို့နယ်တို့မှ အတွင်းရေးမှူးများက အောင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို တင်ပြ ကြသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအလံ ပေးအပ်ပွဲကိုလည်း ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် စက်တင်ဘာ ၆ ရက် နံနက်က ကျင်းပသည်။ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးလှဌေးဝင်း တက်ရောက်၍ အောင်နိုင်ရေးအလံများ ပေးအပ်ခဲ့သည်။

ယင်းပွဲသို့ ပြည်ခိုင်ဖြိုး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ ပြည်ထောင်စု နယ်မြေ ပါတီအတွင်းရေးမှူး ဦးဖေသန်းဦး၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးနွေနှင်းမောင် မြို့နယ်ပါတီ အတွင်းမှူး ဦးရဲဝင်း တို့လည်း တက်ရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly