ဒေါ်အောင်ဆန်းစုကြည်ကို နစ်နာစေလိုသောဆန္ဒမရှိဟုဆိုကာ အမှုရုပ်သိမ်း

ဒေါ်အောင်ဆန်းစုကြည်ကို နစ်နာစေလိုသောဆန္ဒမရှိဟုဆိုကာ အမှုရုပ်သိမ်း
တိုင်ကြားမှုကို ပြန်လည် ရုပ်သိမ်းလိုက်သည့် ဦးကျော်ဝင်း (ဓာတ်ပုံ မင်းမင်း)

နေပြည်တော်၊ စက်တင်ဘာ ၈။ ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဒေါ်အောင်ဆန်းစုကြည်အား တိုင်ကြားမှုအပေါ် ပုဂ္ဂိုလ်ရေးအရ နစ်နာစေလိုသောဆန္ဒမရှိဟုဆိုကာ စက်တင်ဘာ ၈ တွင် တိုင်ကြားသူ တသီးပုဂ္ဂလအမတ်လောင်း ကိုယ်တိုင် ပြန်လည်ရုပ်သိမ်းလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးမှုအား အရေးယူပေးပါရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌထံ စက်တင်ဘာ ၇ရက်က တိုင်ကြားခဲ့သော ဒက္ခိဏသီရိခရိုင်တွင် တသီးပုဂ္ဂလဝင်ပြိုင်မည့် အမျိုးသားလွှတ်တော်အမတ်လောင်း ဦးကျော်ဝင်းကိုယ်တိုင် ပြန်လည်ရုပ်သိမ်း လိုက်ခြင်းဖြစ်သည်။

 ေကာ်မရှင်ဥက္ကဌ ဦးတင်အေးထံလိပ်မူပေးပို့သော ရုပ်သိမ်းစာတွင် ဦးကျော်ဝင်းကိုယ်တိုင် လက်မှတ်ရေးထိုးကာ “ယခုစည်းရုံးရေးကာလတွင် စည်းရုံး ဆောင်ရွက်မှုများကို အနှောက်အယှက် မဖြစ်စေလိုဘဲ စည်းရုံ းဆောင်ရွက်သွားနိုင်ရေးအတွက် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါဘဲ မိမိသဘောဆန္ဒအလျောက် တိုင်ကြားစာအား ရုပ်သိမ်းခွင့်ပြုပါရန်” ဟု ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကော်မရှင်ထံသို့ တိုင်ကြားရခြင်းမှာလည်း “သဘောရိုးဖြင့် ပြန်လည်ထောက်ပြခြင်းသာဖြစ်ပြီး မည်သူတစ်ဦး တစ်ယောက်ကိုမျှ ပုဂ္ဂိုလ်ရေးအရ နစ်နာစေလိုသောဆန္ဒ မရှိပါကြောင်း တင်ပြအပ်ပါသည်” ဟု ဦးကျော်ဝင်း၏ “တိုင်ကြားစာအား ရုပ်သိမ်းခွင့်ပြုပါရန် တင်ပြခြင်း” ဟူသည့် ရုပ်သိမ်းစာတွင် ပါရှိသည်။

စက်တင်ဘာ ၇ရက်က ဦးကျော်ဝင်း၏ တိုင်စာတွင် “အင်အားကြီးပါတီဖြစ်သည့် NLDပါတီဥက္ကဌမှ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းအား တိုင်ကြားခြင်း” ဟု ခေါင်းစဉ်တပ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီဝင်(၃၀၀)ဦးတို့သည် ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေခဲအင်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့တွင် ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့၏ ခွင့်ပြုချက်မရှိဘဲ မဲဆွယ်စည်းရုံးသလို ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပါသော လက်ကမ်းကြော်ငြာများကိုလည်း ပါတီဝင်များက ဝေငှခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုင်ကြားပြီးတစ်ရက်အကြာတွင် တိုင်ကြားမှုအား ဦးကျော်ဝင်းကိုယ်တိုင် ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား တိုင်ကြားသူ ဦးကျော်ဝင်းအပါအဝင် လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်တို့ကိုလည်း စက်တင်ဘာ ၇ရက်တွင်ပင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှ ဝင်ပြိုင်မည့် NLDအမတ်လောင်း ဦးသန့်ဇင်ထွန်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်က တိုင်ကြားထားသေးသည်။

NLD၏ တိုင်ကြားစာတွင် "ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများကို ကျင့်သုံးဆောင်ရွက်ရာတွင် တရားမျှတမှုမရှိသောကြောင့် စုံစမ်းစစ်ဆေး၍ လိုအပ်သလို အရေးယူပေးပါရန် တိုင်ကြားခြင်း" ဟု ခေါင်းစဉ်တပ်ကာ ဦးမြင့်လှိုင်အား မဲပေးရန် ရေးသားထားသော ထီး၊ ယပ်တောင်များ ပေးဝေသည့် ဓာတ်ပုံမှတ်တမ်းများဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထီး၊ ယပ်တောင်များကို စက်တင်ဘာ ၄ရက်တွင် ဒက္ခိဏသီရိမြို့နယ်ရှိ ရွာသစ်ကျေးရွာစာသင်ကျောင်း ဦးကျော်ဝင်းက ပေးဝေခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကျောင်းသားမိဘများက မဇ္ဈိမကို ပြောဆိုထားသည်။ ကျောင်းသားမိဘများကို ဦးကျော်ဝင်း ပေးဝေခဲ့သည့် အစိမ်းရောင်ထီးတွင်“ဒို့အတွက် အမှန်တစ်ကယ်အကျိုးပြုမည့် ကိုယ်စားလှယ် ဦးမြင့်လှိုင်ကို ဒို့အားလုံး ထောက်ခံမဲပေးကြပါစို့” ဟူ၍ ရေးသားထားသည်။

ထို့အပြင်ဒက္ခိဏသီရိမြို့နယ်၊ မန်ကျည်းကုန်းရွာ စာသင်ကျောင်းရှိ ဆရာ၊ ဆရာမများကိုလည်း ကျောင်းဝတ်စုံများအပါအဝင် ဆရာမတစ်ဦးလျှင် ဆီတစ်ပိဿနှင့် ဆန် ၁၂ပြည်အား စက်တင်ဘာ ၄ရက် မွန်းလွဲပိုင်းတွင် ဦးကျော်ဝင်းက သွားရောက်ပေးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly