မဲဆွယ်စည်းရုံးခွင့် ခွင့်ပြုရက်ကို အပြည့်အဝအသုံးချခွင့်မရဟု ဦးသိန်းညွန့်ပြော

မဲဆွယ်စည်းရုံးခွင့် ခွင့်ပြုရက်ကို အပြည့်အဝအသုံးချခွင့်မရဟု ဦးသိန်းညွန့်ပြော

စက်တင်ဘာ ၈ ။        ။ ကိုယ်စားလှယ်လောင်းအမည်စာရင်း ထုတ်ပြန်မှု နှောင့်နှေးနေသဖြင့် အမျိုးသား ဒီမိုကရေစီပါတီသစ် မဲဆွယ်ခွင့် အပြည့်အဝအသုံးချခွင့်မရပဲ ဖြစ်နေသည်ဟု ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က မဇ္ဈိမသို့ပြောသည်။

''စည်းရုံးခွင့် ရက်ပေါင်း ၆၀ ပေးတယ်သာပြောတယ် အပြည့်အ၀ အသုံးချခွင့်မရဘူးဖြစ်နေတယ်။  ဗီနိုင်းထောင်ဖို့ စည်ပင်သွားပြီး အသေးစိတ် လျှောက်လွှာတင်ရတာလဲ ကြာအုံးမယ်။ တခြားပါတီကြီး တွေ စည်းရုံးရေးလုပ်တာ ထိုင်ကြည့်နေရတယ်။'' ဟု၎င်းကဆိုသည်။

ကော်မရှင်က စီစစ်နေဆဲ ကိုယ်စားလှယ်လောင်းစာရင်းတွင် အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီက သင်္ကန်းကျွန်းမြို့နယ်မှ ဝင်ပြိုင်မည့် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့် အပါအဝင် မင်္ဂလာတောင်ညွန့် ၊တောင်ဥက္ကလာ၊ ရွှေပြည်သာ မြို့နယ်တို့မှ ကိုယ်စားလှယ်များ ကျန်ရှိနေသေးသည်။

မဲဆွယ်ရန် စတင်ခွင့်ပြုသည့်နေ့တွင် အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ ရန်ကုန်ရုံးချုပ်၌ မြို့နယ်အသီးသီးမှ ဝင်ပြိုင်မည့်ကိုယ်စားလှယ်များ စုပေါင်းစည်းရုံး လှုံ့ဆော်မှုပြုလုပ်ရန် မူလက စီစဉ်ထားသော်လည်း ကိုယ်စားလှယ်လောင်းများ စာရင်းထုတ်ပြန်ရန် နောက်ကျနေ၍ အစီအစဉ် ပျက်သွားခဲ့သည်ဟု သိရသည်။ ကော်မရှင်အနေဖြင့် ကိုယ်စားလှယ်လောင်းစာရင်းကို စည်းရုံးရေးနေ့ မတိုင်ခင် ပြီးပြည့်စုံအောင် ထုတ်ပြန်သင့်သည်ဟု ဦးသိန်းညွန့်က ပြောသည်။

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦးကမူ ''ကျွန်တော်တို့ ကိုယ်စားလှယ် လောင်းစာရင်းတွေ စီစစ်နေတုန်းပါ၊ ဘယ်အချိန်မှ ပြီးမလဲဆိုတာတော့ အတိအကျမသိဘူး။'' ဟု မဇ္ဈိမသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly