နိုင်ငံ ပြောင်းလဲရန် ကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးမဲဆွယ်

နိုင်ငံ ပြောင်းလဲရန် ကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးမဲဆွယ်

ရန်ကုန်၊ စက်တင်ဘာ ၈ ။ ။ နိုင်ငံရေးပါတီများ စတင်မဲဆွယ်ခွင့်ကို စက်တင်ဘာ ၈ ရက်တွင် စတင် ခွင့်ပြုလိုက်ပြီဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနာဂတ်အတွက် ပြောင်းလဲချိန်တွင် ဝိုင်းဝန်း ကူညီကြရန် ရုပ်သံဖိုင်မှ တစ်ဆင့် တိုက်တွန်းလိုက်သည်။

“ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်၊ ကျွန်မတို့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို စဉ်းစားပြီး မဲပေးကြပါ။ ရှေ့ကို မျှော်ကြည့်ပြီးတော့ ပြောင်းလဲချိန်တန်တဲ့ အခါမှာ ပြောင်းလဲဖို့ ဝိုင်းဝန်းပြီးတော့ ကူညီကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ဖက်ဒရယ် ပြည်ထောင်စုစနစ် ရရှိရန် ကြိုးပမ်းခဲ့သည်မှာ နှစ် ၃၀ နီးပါး ရှိနေပြီဖြစ်သော်လည်း မအောင်မြင်သေးဟု သူကဆိုသည်။

သို့သော် ပြည်သူအများ၏ ထောက်ခံမှုဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းလည်း သူက ယုံကြည်နေသည်။

“အခု အထိ ပန်းတိုင်ကို မရောက်သေးပါဘူး။ သို့သော်လည်း ပြည်သူရဲ့ ထောက်ခံမှုနဲ့ ပြည်သူရဲ့ ဆန္ဒရဲ့ တွန်းအားနဲ့ ကျွန်မတို့ အောင်မြင်နိုင်မယ် ဆိုတာကို အဓိက ယုံကြည်ပါတယ်” ဟု ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲသည် ပြည်သူ၏ ဆုံးဖြတ်ချက်သည် အဓိကကျပြီး ထိုဆုံးဖြတ်ချက်ကို လက်ခံနိုင်ရန် အရေးကြီးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒီမိုကရေစီ ဆိုတာဟာ ပြည်သူ့ရဲ့ ဆုံးဖြတ်ချက်၊ ပြည်သူ့ရဲ့ ဆန္ဒကို အလေးထားရတဲ့ စနစ်ပါပဲ။ ဒါကြောင့်မို့လို့ နောက်ဆုံးကျတော့ ပြည်သူကသာလျှင် ဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly