ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းရန် မပြောခဲ့ဟု သမ္မတရုံး ရှင်းလင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းရန် မပြောခဲ့ဟု သမ္မတရုံး ရှင်းလင်း
ဇွန်လ ၈ရက်က ရခိုင်ပြည်နယ်အရေး ပြုလုပ်သည့်အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဓာတ်ပုံ- သမ္မတရုံး)

နေပြည်တော်(ဇွန်လ ၂၇ရက်၊ ၂၀၁၈ခုနှစ်)။ ။ ယခုလ ပထမပတ်က သမ္မတအိမ်တော်တွင် ပြုလုပ်သည့် နိုင်ငံ့ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အာဏာသိမ်းရန် ပြောကြားခဲ့ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံးက ရှင်းလင်း ပြောကြားလိုက်သည်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရခေါင်းဆောင်များ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်ခေါင်းဆောင်များ စုစုပေါင်း ၁၃ဦး တက်ရောက်ခဲ့သည့် ယင်းအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းရန် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသော ဆောင်းပါးရှင် လယ်ရီဂျာကင်၏ ရေးသားချက်အပေါ် သမ္မတရုံးက တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“များသောအားဖြင့် အဲဒီမှာ တက်တဲ့ ခေါင်းဆောင်တွေ အကုန်လုံး အေးအေးဆေးဆေးပဲ ဆွေးနွေးတယ်။ အဲဒီအစည်းအဝေးမှာ ကျနော်တို့လည်း ရှိပါတယ်။ လယ်ရီဂျာကင် ဘန်ကောက်ပိုစ့်မှာ ရေးထားသလိုမျိုး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ အာဏာသိမ်းဖို့အထိ ပြောတယ်ဆိုတဲ့ဟာတွေက လုံးဝ မှားပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇွန်လ ၂၇ရက်တွင် သတင်းထောက်များကို ပြောသည်။

ဇွန်လ ၂၃ရက်က ဘန်ကောက်ပို့စ်တွင် “စစ်တပ်က အာဏာသိမ်းနိုင်ခြေကို ရှောင်လွှဲအောင် ကုလကိုယ်စားလှယ် ဘယ်လိုကြိုးစားခဲ့လဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် သတင်းဆောင်းပါးတွင် “ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံမှုမှာ ဗိုလ်ချုပ်မှုးကြီးဟာ ဒေါသတကြီး တုန့်ပြန်ခဲ့ပြီး အာဏာသိမ်းမယ်လို့တောင် ခြိမ်းခြောက်ခဲ့တယ်လို့ စစ်တပ်အတွင်းစည်းနဲ့ နီးစပ်တဲ့ ရင်းမြစ်တော်တော်များများက ပြောပါတယ်။ ခင်ဗျားအနေနဲ့ အစိုးရကို မစီမံနိုင်ဘူးဆိုရင် အခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း စစ်တပ်က အာဏာပြန်ယူရလိမ့်မယ်” ဟူ၍ ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနှင့် ကုလသမဂ္ဂ ဆက်ဆံရေးအခြေအနေ၊ ကုလသမဂ္ဂ၏ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)နှင့်ပတ်သက်သည့် ဆောင်ရွက်ချက်အခြေအနေနှင့် ရခိုင်ပြည်နယ်ဆို်င်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် နိုင်ငံခြားသားတစ်ဦး ထည့်သွင်းဖွဲ့စည်းရသည့် အခြေအနေများကို အစိုးရဘက်က တပ်မတော်ခေါင်းဆောင်များကို ရှင်းပြခဲ့ပြီး တပ်မတော်ဘက်ကလည်း အခြေအနေများကို နားလည်ပြီး ပြေပြေလည်လည် အဆုံးသတ်သွားကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။

“ဆွေးနွေးတဲ့အခါမှာ နံပါတ်တစ် ဒေါသတကြီး ဆွေးနွေးတာမျိုး လုံးဝ မရှိဘူး။ နံပါတ်နှစ် အချက်က တကယ်လို့ အစိုးရက စီမံခန့်ခွဲနိုင်မှု မရှိရင် အာဏာသိမ်းဖို့ဆိုတဲ့ ပြောကြားချက် မရှိဘူး။ နံပါတ်သုံး အချက်က အဲဒီလို ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားတာ မဟုတ်ဘူး။ အားလုံး နားလည်မှု ရှိရှိနဲ့ ပြေပြေလည်လည်ပဲ ပြီးသွားတယ်” ဟု ၎င်းက ပြောသည်။

တပ်မတော်နှင့်နီးစပ်သည့်အသိုင်းဝိုင်းကို ကိုးကားကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းရန် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည့် လယ်ရီဂျာကင်၏ ဆောင်းပါး ရေးသားဖော်ပြချက်အပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

ယင်းဆောင်းပါးနှင့်ပတ်သက်ပြီး “တပ်မတော်ကလည်း ဒီသတင်းအပေါ်မှာ သူတို့လည်း သိပ်ပြီးတော့ ကျေနပ်မှုမရှိဘူး” ဟု သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ဦးဇော်ဌေးက ဖြေကြားသည်။

အဆိုပါ ဆောင်းပါး ဖော်ပြပြီး နောက်နှစ်ရက်အကြာ ဇွန်လ ၂၅ရက်တွင် ဥရောပသမဂ္ဂ(အီးယူ)က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်အရာရှိငါးဦးနှင့် လုံခြံုရေး အရာရှိနှစ်ဦးကို ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါ ပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်ပြီး အစိုးရ၏ သဘောထားမှာ ပြည်သူလူထု၏ လူမှုစီးပွား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ ထိခိုက်မည်ကို စိုးရိမ်မှုရှိသည်ဟု ဦးဇော်ဌေးက ထုတ်ဖော်ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲပဲ ဖြစ်သေးတယ်။ ငြိမ်းချမ်းရေးလည်း တည်ဆောက်နေရဆဲပဲ ဖြစ်တယ်။ ပြန်လည်သင့်မြတ်ရေးလည်း တည်ဆောက်နေရဆဲပဲ ဖြစ်တယ်။ လူထုကလည်း ပွင့်လင်းလာတဲ့ ခေတ်အခြေအနေအပေါ်မှာ စီးပွားရေး အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကနေပြီးတော့ တစ်ဆင့် လူမှုစီးပွား တိုးတက်မှု အခွင့်အလမ်းတွေ ပြည့်ပြည့်စုံစုံ၊ ပြည့်ပြည့်ဝဝ မရနိုင်သေးဘူး။ ဒါတွေကို ထိခိုက်မှာ စိုးတယ်” ဟု ၎င်းက ဆိုသည်။

လယ်ရီဂျာကင်၏ ရေးသားချက်မှာ တိကျခိုင်မာမှုမရှိဘဲ ကောလဟာလကို ပိုပြီး ဖြစ်စေကာ အစိုးရက စိုးရိမ်မှုရှိသည့် အထက်ပါအချက်များအပေါ် ထိခိုက်မှု ရှိနိုင်ကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။

ဇူလိုင်လ၈ရက်က ပြုလုပ်သည့် ရခိုင်ပြည်နယ် အရေးကိစ္စအပါအဝင် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးအခြေအနေများနှင့် စပ်လျဉ်းသည့် အစည်းအဝေးတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည့် အခြေအနေများ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမှုအခြေအနေများ၊ ရှန်ဂရီလာဒိုင်ယာလော့ခ်နှင့် ဆက်စပ်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် နယ်စပ်လုံခြုံရေးကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးကြသည်ဟု သမ္မတရုံးက ထုတ်ပြန်ထားသည်။

ထိုအစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများဖြစ်သည့် ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန််ကြီး ဦးကျော်တင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် သမ္မတရုံးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တို့ တက်ရောက်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly