စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု

စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၂၅ရက်၊ ၂၀၁၈ခုနှစ်)။ ။ အဂတိလိုက်စားမှုဖြင့် ယခုလဆန်းပိုင်းက တိုင်ကြားခံထားရသူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကို မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့် ပြုလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးက ယနေ့ညပိုင်းတွင် အမိန့်ကြေငြာစာ ထုတ်ပြန်လိုက်သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကို အဂတိလိုက်စားမှုဖြင့် အရေးယူပေးရန် ယခုလ ၃ရက်က တိုင်ကြားစာရောက်ရှိလာပြီးနောက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်မှာ ပြီးစီးသလောက်နီးပါးရှိလာပြီဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဘက်က ထုတ်ဖော်ပြောကြားလိုက်ပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ နှုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ဦးကျော်ဝင်းအနေဖြင့်လည်း ယခုလ ၁၉ရက်နေ့ကတည်းက နှုတ်ထွက်စာ တင်ထားကြောင်း အစိုးရနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

လစ်လပ်သွားသည့် ဦးကျော်ဝင်း၏ နေရာတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုစီးပွားရေးကော်မတီဝင် တစ်ဦးဖြစ်လာလိမ့်မည်ဟု ပါတီနှင့်နီးစပ်သူတချို့က မဇ္ဈိမကို ပြောသည်။ လက်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးများအဖြစ် ဦးမောင်မောင်ဝင်းနှင့် ဦးဆက်အောင်တို့က တာဝန်ယူထားသည်။

NLD ဦးဆောင်သည့် အစိုးရသက်တမ်း နှစ်နှစ်ကျော်အတွင်း ပြည်ထောင်စုဝန်ကြီးတစ်ဦးကို ယခုကဲ့သို့ မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်း ဦးဖေဇင်ထွန်းကိုလည်း ယခုကဲ့သို့ပင် နှုတ်ထွက်ခွင့်ပြုခဲ့သေးသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags