အိမ်နဲ့ခြံအတွက် သိန်း ၁၅၀၀ ကျော် လာဘ်စားမှုနဲ့ FDA ညွှန်ချုပ် အဖမ်းခံရ

အိမ်နဲ့ခြံအတွက် သိန်း ၁၅၀၀ ကျော် လာဘ်စားမှုနဲ့ FDA ညွှန်ချုပ် အဖမ်းခံရ
(ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ)

နေပြည်တော်(ဧပြီ၂၀ရက်၊ ၂၀၁၈ခုနှစ်)။ ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူအား လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ နေအိမ်နှင့်ခြံအတွက် ကျပ်သိန်းပေါင်း ၁၅၀၀ကျော် လာဘ်စားမှုဖြင့် ၂၀၁၈ခုနှစ်၊ ဧပြီလ ၂၀ရက်၊ နေ့လည်ပိုင်းတွင် ဇဗ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ရဲတပ်ဖွဲ့က တရားခံဟုသတ်မှတ်ထားသူ ဒေါက်တာသန်းထွဋ်အား နေ့လည် ၁၂နာရီ ၄၅မိနစ်အချိန်တွင် အမှုဖြင့် ဖမ်းဆီးပြီး ဇဗ္ဗူသီရိမြို့နယ်တရားရုံးသို့ အချုပ်ရမန်တောင်းခံရန် စီစဉ်နေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

FDA ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါက်တာသန်းထွဋ်သည် ဌာနတွင်း အဆောက်အဦများ ဆောက်လုပ်ခွင့် တင်ဒါအောင်မြင်ထားသော ကုမ္ပဏီများထံမှ ကျပ်သိန်းပေါင်း ၁၅၀၀ကျော်ကို တောင်းခံခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးပေါ်ပေါက်သည့်အတွက် ဇဗ္ဗူသီရိမြို့နယ်ရဲစခန်းတွင် ကော်မရှင်က တရားလိုပြုလုပ်ကာ အမှုဖွင့်ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

“ဒေါက်တာသန်းထွဋ် သည် ၄င်း၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ၂၀၁၇ ခုနှစ်အတွင်း ၄င်းပိုင်ဆိုင်သည့်မြေကွက်ပေါ်ရှိ နေအိမ်အတွက် လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် နေအိမ်အတွင်း အသုံး အဆောင်ပစ္စည်းများအားလည်းကောင်း၊ ၄င်းပိုင်ဆိုင်သည့် အခြားမြေကွက်ပေါ်တွင် ခြံစည်းရိုး ကာရံခြင်း၊ တစ်ထပ်တိုက်နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန် တစ်ခုနှင့် ရေပန်းတစ်ခုတို့အားလည်းကောင်း စုစုပေါင်း တန်ဘိုးငွေကျပ် ၁၅၁,၄၃၉,၇၈၆/- (ကျပ်သိန်းတစ်ထောင့် ငါးရာကျော်)ကို အဆောက်အဦများ ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီထံမှ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်” ဟူ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ စီမံကိန်း များနှင့် ပတ်သက်၍ အဆောက်အဦများ အရည်အသွေးပြည့်မီမှုမရှိခြင်း၊ ဌာန အကြီးအကဲအချို့၏ ပြည်သူ့ဘဏ္ဍာများအပေါ် ကိုယ်ကျိုးသုံးစွဲနေခြင်းများကို ဖော်ထုတ်စစ်ဆေးပေးပါရန် တိုင်ကြားလာမှုအား စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ကေ်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“စစ်ဆေးတာမှာ ပေါ်ပေါက်လို့ အမှုဖွင့်ရတာပေါ့။ ကျွန်မတို့က စစ်လို့ ပေါ်ပေါက်ပေမယ့် တရားရုံးဘက်ကတော့ ထပ်စစ်ရဦးမှာ” ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်ဖြစ်သူ ဒေါ်လဲ့လဲ့သွင်က မဇ္ဈိမကို ပြောသည်။

အထက်ပါ ဖြစ်စဉ်သည် နိုင််ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဧပြီလ ၁၁ရက်က တွေ့ဆုံမှုအပြီး ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ ယခင်ကတည်းက စုံစမ်းစစ်ဆေးနေသည့် အမှုများထဲက တစ်ခုဖြစ်သည်ဟု ဒေါ်လဲ့လဲ့သွင်က ဆိုသည်။

သမ္မတဦးဝင်းမြင့်အနေဖြင့် သမ္မတတာဝန်ယူအပြီး ပထမဆုံးအနေဖြင့် ဧပြီ ၁၁ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်တွေ့ဆုံစဉ် “ကော်မရှင်အနေဖြင့် မိမိဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ပြတ်ပြတ်သားသား ဆောင်ရွက်သွားရန်” သမ္မတဦးဝင်းမြင့်က လမ်းညွှန်ထားသည်။

ပြည်ထောင်စုလွှတ်တော်တွင် မတ်လ ၃၀ရက်က ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင်လည်း “အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်” ဟု သမ္မတဦးဝင်းမြင့်က ပြောကြားထားသည်။

အဂတိလိုက်စာမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိုလည်း အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးနေပြီဖြစ်ပြီး အဆိုပါ ဥပဒေ အတည်ဖြစ်လာပါက ကျော်စောသတင်းရှိသူများကိုပါ စစ်ဆေးမှုများ ပြုလုပ်လာနိုင်ကာ ကော်မရှင်အနေဖြင့် လုပ်သာကိုင်သာ ပိုမိုရရှိလာမည့်အနေအထား ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags