နေပြည်တော်(ဖေဖော်ဝါရီ ၂၁ရက်၊ ၂၀၁၈ခုနှစ်)။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းရှိ ဇီးရိုးလိုင်း(Zero Line)အတွင်း ဝင်ရောက် နေထိုင်သူများထဲတွင် အကြမ်းဖက်အဖွဲ့အစည်းဟု မြန်မာအစိုးရက ထုတ်ပြန်ထားသည့် ARSA အဖွဲ့မှ အများအပြား ပါဝင်သည်ဟု သတင်းရထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
“အကြမ်းဖက်အဖွဲ့အစည်းက တော်တော်များများလည်း ပါဝင်တယ်လို့ ကျွန်တော်တို့ သတင်းတွေလည်း ရတယ်။ ရတဲ့အခါကျတော့ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အဲ့ဒီမှာရှိတဲ့ လူတွေကို စာရင်းကောက်မယ်။ ကောက်ပြီးရင် ပြန်စိစစ်မယ်။ အဲ့ဒီမှာမှ ကျွန်တော်တို့ဘက်က ကြေငြာထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာပါတဲ့ လူ ၁၃၀၀ကျော် ရှိတယ်။ ဒီ ၁၃၀၀ကျော်ထဲမှာ ပါ၊ မပါပေါ့” ဟု ဖေဖော်ဝါရီ ၂၁ရက်တွင် ဦးဇော်ဌေးက သတင်းထောက်များကို ပြောသည်။
လူတစ်ဦးမျှ နေထိုင်ခြင်းမပြုရဟု နှစ်နိုင်ငံသတ်မှတ်ထားသည့် Zero Line တွင် ပြီးခဲ့သည့်နှစ် ဩဂုတ် ၂၅ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနောက် ခိုလှုံနေထိုင်ကြသူ လူဦးရေ ၆,၅၀၀ ကျော်ကို ရည်ညွှန်းပြီး ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထိုအထဲတွင် ARSA အဖွဲ့ ခေါင်းဆောင်ပိုင်းမှ သား၊ သမီးများလည်း ပါဝင်သည်ဟု ရဲဘက်က သတင်းများအရ သိရပြီး အတည်မပြုနိုင်သေးကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။
“ဒီ ၆,၅၀၀ ဆိုတာ ဘယ်သူတွေဆိုတာ ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း စာရင်း မရှိဘူး။ စာရင်းမရှိတော့ အဲ့ဒီလူတွေကို ကျွန်တော်တို့က စာရင်းအရင်ကောက်မယ်” ဟု ၎င်းက ဆိုသည်။
Zero Line အတွင်း ဝင်ရောက်နေထိုင်သူများကိစ္စနှင့်ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် ခရိုင်အဆင့် နယ်စပ်အာဏာပိုင်အဖွဲ့များက ရခိုင်ပြည်နယ်၊ တောင်းပြိုလက်ဝဲ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့က Zero Line ရောက်ရှိနေသူများအား ခေါ်ယူထောက်ပံ့နေကြောင်း၊ ယင်းသို့ ဆောင်ရွက်နေမှုအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ တားမြစ်ပေးစေလိုကြောင်း အဆိုပါ တွေ့ဆုံမှုတွင် မြန်မာဘက်က ပြောခဲ့သည်ဟု ယမန်နေ့က အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Zero Line တွင် နေထိုင်သူများ အရေးသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဖိအားများ ထပ်တိုးလာအောင် ထောင်ချောက်ဆင်ထားခြင်း ဖြစ်သည်ဟုလည်း ဦးဇော်ဌေးက သုံးသပ်ခဲ့သည်။
“ရေရှည်နေနိုင်အောင် နောက်က အဖွဲ့အစည်းတွေက စားနပ်ရိက္ခာ၊ ဆေးဝါး စသဖြင့် ထောက်ပံ့ကူညီမှုတွေ ပေးနေတယ်” ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသူများအနက် လူ ၈,၀၀၀ ကျော်ကို ပထမအသုတ်အဖြစ် ပြန်လည်လက်ခံရန် မြန်မာဘက်က စိစစ်မှုများ လုပ်ဆောင်နေစဉ် Zero Line တွင် နေထိုင်သူများအရေးကိစ္စက ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ အဆိုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားသူ ၇သိန်းခန့် ရှိနေသည်ဟု သိရသည်။