တင်ဒါအောင် ကုမ္ပဏီတွေကို ကြပ်ကြပ််မတ်မတ် ကိုင်တွယ်ဖို့ လွှတ်တော်ဥက္ကဌ သတိပေး

တင်ဒါအောင် ကုမ္ပဏီတွေကို ကြပ်ကြပ််မတ်မတ် ကိုင်တွယ်ဖို့ လွှတ်တော်ဥက္ကဌ သတိပေး
သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရသည့် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၂၉ရက်၊ ၂၀၁၈ခုနှစ်)။ ။ တင်ဒါဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများတွင် အစိုးရက တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကို ကြပ်ကြပ်မတ်မတ် မကိုင်တွယ်နိုင်ပါက ပြည်သူ့ဘဏ္ဍာငွေများ သဲထဲရေသွန်ဖြစ်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က သတိပေးလိုက်သည်။

“သူတို့ကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်လို့ရှိရင် ပြည်သူ့ဘဏ္ဍာနဲ့ပဲ နောက်ထပ် ဘဏ္ဍာငွေတင်တောင်း၊ တစ်ခါထပ်ပြင် ၊ အဲ့ဒီကုမ္ပဏီက ရသွား၊ တစ်ခါထပ်ပျက် အဲ့ဒီလို အရေးမယူခဲ့ဘူးဆိုရင် တစ်ခါ ထပ်တင်တောင်း အဲ့ဒါက ပြည်သူ့ဘဏ္ဍာငွေဟာ သဲထဲရေသွန်ဖြစ်တယ်” ဟု ဦးဝင်းမြင့်က ဇန်နဝါရီ ၂၉ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

ပွင့်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းထွန်း၏ သူ့မြို့နယ်အတွင်းရှိ မဲဇလီ-ဥယျာဉ်ကျစ် ကျောက်ချောလမ်းပိုင်းအား ကတ္တရာလမ်း အဆင့်မြှင့်တင် ခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအား ဆောက်လုပ်ရေးဒုဝန်ကြီးက လွှတ်တော်တွင် လာရောက် ရှင်းလင်းဖြေကြားပြီးနောက် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၆မိုင် ရှည်လျားသည့် အဆိုပါ လမ်းပိုင်းအား ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် MYP ဟု အမည်ရသည့် ကုမ္ပဏီတစ်ခုက ကျပ်သန်း ၈၀၀ကျော်ဖြင့်  တင်ဒါအောင်မြင်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ လမ်းပိုင်းမှာ ဆိုးရွားစွာ ပျက်စီးနေကြောင်း ဦးထွန်းထွန်းက Power Point ပြသပြီး မေးမြန်းခဲ့သည်။ Power Point တွင် ပြသထားသည့် ဓာတ်ပုံများအရ အဆိုပါ လမ်းပိုင်းမှာ ချိုင့်ခွက်များစွာဖြင့် ပျက်စီးနေသည်ကို တွေ့ရသည်။

“ဒီလောက် လမ်းပျက်နေတာ။ (တင်ဒါ)ပေးတဲ့ ဝန်ကြီးဌာနလည်း တာဝန်မကင်းဘူး” ဟုလည်း ဦးဝင်းမြင့်က ဆိုသည်။

ကျေးရွာပေါင်း ၅၀ကျော်က အားထားရသည့် အဆိုပါ လမ်းပိုင်းမှာ သတ်မှတ်ချိန်မတိုင်မီ ပျက်စီးနေခြင်းကို ၂၀၁၆ ဘဏ္ဍာနှစ်တွင် ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့ရာ အဆိုပါ တင်ဒါအောင်ကုမ္ပဏီကို ဆက်သွယ်၍မရကြောင်း၊ ထိုကုမ္ပဏီအား အမည်ပျက်စာရင်း(Black List)သွင်းပြီး တင်ဒါ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ တရားစွဲဆိုသွားမည်ဟု ဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ကြောင်း၊ သို့သော် ယနေ့အချိန်ထိ မည်ကဲ့သို့ အရေးယူထားသည်ကို မကြားသိရကြောင်းလည်း ဦးထွန်းထွန်းက လွှတ်တော်တွင် ပြောသည်။

ဦးထွန်းထွန်း၏ မေးခွန်းအား လွှတ်တော်တွင် လာရောက်ဖြေကြားခဲ့သည့် ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက အဆိုပါ လမ်းပိုင်းအား ဦးစားပေးအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းခြင်း ရံပုံငွေဖြင့် ပြင်ဆင်ပေးမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဆောက်လုပ်ရေးဒုဝန်ကြီး ဖြေကြားပြီးပြီးချင်း လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီးတော့ ပြန်လည်ပြင်ဆင်ပေးတာက တစ်ပိုင်း၊ ခုနက တင်ဒါအောင်တဲ့ ကုမ္ပဏီအနေနဲ့ ပြည်သူ့ဘဏ္ဍာအပေါ် ခုနလို ပျက်စီးဆုံးရှုံးမှုတွေရှိတာကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ကြပ်ကြပ်မတ်မတ်တော့ ကိုင်တွယ်စေချင်တယ်။ Black List သွင်းတယ်ဆိုတာက သွင်းရင်လည်း တချို့ကုမ္ပဏီတွေက နောက်ထပ်နာမည်တမျိုးနဲ့ ဒီလူတွေပဲ နာမည်သာလွဲတာ၊ ပေါ်လာပြန်ရော။ အဲ့တော့ ပြည်သူ့ဘဏ္ဍာသာ ဆုံးရှုံးတယ်” ဟု ပြောဆိုသည်။

အဆိုပါ လမ်းပိုင်းသည် ယခင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်မူ ဆောက်လုပ်ရေးဝန်ကြီးဌာနက အသစ်ဖွဲ့လိုက်သည့် ကျေးလက်ဦးစီးဌာနသို့ လွှဲပြောင်းထားသည်။

“အဲ့ဒီလို ဖြစ်နေတဲ့ ကုမ္ပဏီကို ပြည်သူ့ဘဏ္ဍာငွေကို ဒီလောက်ဆိုးဆိုးရွားရွား လုပ်ခဲ့တဲ့ဟာကိုတော့ တိတိကျကျလေး ဥပဒေနဲ့အညီ ဆောင်ရွက်စေချင်တယ်” ဟုလည်း လမ်းအရည်အသွေးမမီသည့် အခြေအနေအပေါ် ဦးဝင်းမြင့်က ပြောသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ကျေးလက်ဦးစီးဌာန လက်ထက်က ယခုဖြစ်ခဲ့တဲ့ကိစ္စကို အခု ပြည်သူ့လွှတ်တော်မှာ ဥက္ကဌကြီး လမ်းညွှန်ချက်နဲ့အတူ သေသေချာချာလေးကို Recall လုပ်ပြီးတော့ ဖိဖိစီးစီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် တင်ပြအပ်ပါတယ်” ဟု ဖြေကြားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags